ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဒါကော့တ်ကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ သီယာဂို အယ်ကန်တာရာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပါလို့ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုကွင်းလယ်လူ သီယာဂို အယ်ကန်တာရာဟာ ၂၀၂၀ခုနှစ်ကမှ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လီဗာပူးဆီ ရောက်ရှိကာစမှာ ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Fot Mob

ဒါပေမယ့် နောက်ပိုင်းမှာတော့ သီယာဂို အယ်ကန်တာရာက သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသလာနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း အယ်ကန်တာရာက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးပေးပို့မှုနှုန်း အတိကျဆုံး ကစားသမား ဆိုတဲ့ မှတ်တမ်းကောင်း တရပ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ ဒါကော့တ်က သီယာဂို အယ်ကန်တာရာရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေတာ ဖြစ်ပြီး သီယာဂို အယ်ကန်တာရာက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပါလို့လည်း ချီးကျူးသွားပါသေးတယ်။

 

Photo Credit: Fot Mob

ဒါကော့တ်က – “သီယာဂိုနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်ဟောင်း အလွန်ဆိုတို့က ကစားပုံချင်း မဆင်ပေမယ့် အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိတာတော့ တူကြပါတယ်။ သူက အင်္ဂလန်မြေဆီ စရောက်ကာစမှာ အချိန်အနည်းငယ် လိုခဲ့ပေမယ့် ဘောလုံးလောကမှာတော့ ဒါက သာမန်ပါပဲ။ အခုတော့ သူက အရမ်းကို ကောင်းမွန်တဲ့ ကစားဟန် တခုကို ပြသထားနိုင်နေပါပြီ။ သူက လီဗာပူးဆီ မရောက်ခင်ကတည်းက ထိပ်တန်းအဆင့် ကွင်းလယ်လူ တဦး အဖြစ် ရှိနေခဲ့ပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နေပြီလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။