ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ ပြိုင်ဘက် နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းရဲ့ ကစားပုံဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပဲလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ကူလူဆက်စကီးရဲ့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါပွဲမှာ ကူလူဆက်စကီးက ဆွန်ဟောင်မင် ၊ ရစ်ချာလီဆန် ၊ ဂျွန်ဆန်တို့နဲ့ တွဲဖက်ကာ စပါးရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့ရပါတယ်။

Photo Credit: Standard

တိုက်စစ်ကစားသမား ၄ဦး အထိ ပါဝင်ခဲ့တာကြောင့် စပါးရဲ့ တိုက်စစ်ကစားဟန်က အတော်လေးကို ကြည့်ကောင်းခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အမြောက်အမြား ရခဲ့ပြီး စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၅+၂မိနစ်မှာ ရစ်ချာလီဆန်နဲ့ ပွဲချိန် ၆၅မိနစ်တို့မှာ ကူလူဆက်စကီးတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

နော်တင်ဟမ် ဖောရက်စ် ၀-၂ စပါး ပွဲအပြီးမှာတော့ ကူလူဆက်စကီးက သူတို့အသင်းဟာ စိတ်ဓာတ်ပိုင်းမှာ အခြားအသင်းကြီးတွေကို ယှဉ်နိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကစားပုံကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Sky Sports

ကူလူဆက်စကီးက – “နည်းပြကြီးရဲ့ လက်အောက်မှာ ကစားရတာက အရမ်းကို ကောင်းပါတယ်။ လေ့ကျင့်ခန်းတွေက ပျော်စရာကောင်းသလို ကျွန်တော်က နည်းပြကြီးကို သဘောကျပါတယ်။ ကျွန်တော်ကသာ ကိုယ့်အသင်းရဲ့ ကစားပုံကို ရွေးချယ်ရမယ် ဆိုရင် ဒါက ကျွန်တော် ကစားချင်တဲ့ ကစားပုံပါပဲ။ ကျွန်တော်တို့က တိုက်စစ်ဆင် ကစားသလို လေ့ကျင့်ခန်းတွေကလည်း ပျော်စရာကောင်းပါတယ်။ ကျွန်တော်တို့က အနိုင်ရဖို့ အတွက် ဦးတည်ပြီး ကစားနေကြတာပါ။ ကျွန်တော်တို့ အားလုံးက အခုချိန်မှာ ပျော်ရွှင်နေကြသလို နေ့တိုင်းမှာ ပိုပြီး တိုးတက်လာအောင် ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့က စိတ်ဓာတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုပေမယ့် ကစားပုံပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံဟာ ထိပ်ဆုံးအဆင့်မှာ ရှိပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

ဆက်စပ်သတင်းတွေအရ ကူလူဆက်စကီးဟာ နော်တင်ဟမ် ဖောရက်စ်ဘက်ကို ဂိုးသွင်းပြီးနောက် ဘောလုံးကို ဗိုက်ထဲ ထည့်ကာ အောင်ပွဲခံခဲ့တာက သူနဲ့ သူ့ရဲ့ အတူနေချစ်သူတို့ဟာ လာမယ့် ဧပြီလမှာ သူတို့ရဲ့ ပထမဦးဆုံး ကလေးကို မွေးဖွားတော့မှာ ဖြစ်လို့ အဆိုပါ ကလေးအတွက် ရည်ရွယ်ကာ အောင်ပွဲခံခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။