ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ကူလူဆက်စကီးက သည်းခြေအိတ် ခွဲစိတ်ထားရတာကြောင့် အနားယူနေရတဲ့ သူတို့ရဲ့ နည်းပြချုပ် ကွန်တီအတွက် ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ပွဲမှာ အနိုင်ကန်သွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

စပါးနည်းပြချုပ် ကွန်တီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သည်းခြေအိတ်ကြောင့် ဗိုက်အကြီးအကျယ် အောင့်လာတာကြောင့် အီတလီနိုင်ငံဆီ ပြန်ကာ သည်းခြေအိတ် ခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပေမယ့် အီတလီမြေမှာပဲ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက် ခံယူနေရပါတယ်။

Photo Credit: Football Italia

ဒါကြောင့်ပဲ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် စပါးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်ကို စပါးရဲ့ လက်ထောက်နည်းပြတွေကသာ တာဝန်ယူ ကိုင်တွယ်သွားဖို့ ရှိနေပြီး ကူလူဆက်စကီး အပါအဝင် စပါးရဲ့ ကစားသမားတွေက သူတို့နည်းပြကြီး ကွန်တီ အတွက် မန်ချက်စတာ စီးတီးကို အနိုင်ကန်ဖို့ စိတ်ကူးရှိနေကြပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကူလူဆက်စကီးက သူတို့အသင်းဟာ ကွန်တီ မရှိတဲ့ အချိန်မှာ မန်ချက်စတာ စီးတီးကို အနိုင်ကန်ကာ ကွန်တီအတွက် နိုင်ပွဲကို လက်ဆောင် တခု အဖြစ် ပေးချင်ကြောင်းနဲ့ သူတို့သာ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့ရင် ကွန်တီဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား ဖြစ်နေလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Football Italia

ကူလူဆက်စကီးက – “ကျွန်တော်တို့က ကွန်တီအတွက် နိုင်ပွဲ ရယူချင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ကသာ သူ မရှိပဲနဲ့ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့ရင် ကွန်တီဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား ဖြစ်သွားပါလိမ့်မယ်။ လူတွေကို ပျော်အောင် လုပ်ပေးရတာက ကောင်းတဲ့ အရာတခုပါ။ ကျွန်တော်တို့မှာ သူ့အတွက် ကြိုးစား ကစားပေးရမယ့် တာဝန် ရှိပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ မရှိနေရင်တောင်မှ ကျွန်တော်တို့က သူ သင်ပေးထားတဲ့ အရာတွေနဲ့ နိုင်ပွဲရအောင် ကြိုးစားသွားရမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ စီးတီးက စပါးရဲ့ အိမ်ကွင်းဆီ လာကစားခဲ့တဲ့ နောက်ဆုံး ၄ကြိမ်မှာ ၄ကြိမ်စလုံး ရှုံးနိမ့်ထားသလို သွင်းဂိုးလည်း တဂိုးမှ မသွင်းနိုင်ခဲ့တာကြောင့် ဒီညမှာ ယှဉ်ပြိုင် ကစားမယ့် စပါးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ စပါးကပဲ ကွန်တီအတွက် နိုင်ပွဲ ရယူပေးနိုင်မလား ၊ ဒါမှမဟုတ် မန်ချက်စတာ စီးတီးကပဲ သူတို့ရဲ့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။