စပိန်လာလီဂါ နာမည်ကြီးကလပ် ရီးရဲလ် ဆိုစီဒက်ရဲ့ ကြယ်ပွင့် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂျပန်ကစားသမား ကူဘိုက သူဟာ ငယ်စဉ်က ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီမှာ ဘောလုံးပညာကို သင်ကြားခဲ့စဉ် ခါးသီးတဲ့ အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂျပန်ကြယ်ပွင့် ကစားသမား ကူဘိုက စပိန်လာလီဂါရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာမှာရော ၊ ရီးရဲလ်မက်ဒရစ်မှာပါ ကစားခဲ့ဖူးသူ ဖြစ်ပြီး ကူဘိုက ၂၀၁၁ခုနှစ် ကနေ ၂၀၁၅ခုနှစ် အထိ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ကြားခဲ့ပါတယ်။

Photo Credit: Standard

ကူဘိုက လာမာစီယာ အကယ်ဒမီမှာ ၄နှစ် ကြာအောင် ကစားခဲ့ပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရတာကြောင့် အသက် ၁၆နှစ် အရွယ်မှာ မွေးရပ်မြေ ဂျပန်နိုင်ငံရဲ့ ဘောလုံးအသင်း တသင်း ဖြစ်တဲ့ FC Tokyoဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ကူဘိုက ဂျပန်နိုင်ငံမှာ FC Tokyoနဲ့ Yokohama စတဲ့ အသင်းနှစ်သင်း အတွက် ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ၂၀၁၉ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်က ကူဘိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။

ကူဘိုက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းခွင့် ရခဲ့ပေမယ့် မျှော်လင့်ထားသလို ရီးရဲလ်မက်ဒရစ် အတွက် ကစားခွင့် မရခဲ့ပဲ ဗီလာရီးရဲလ် ၊ ဂီတာဖေး ၊ မာလာကာ စတဲ့ အသင်းတွေဆီ အငှားတွေနဲ့ ထွက်ကစားခဲ့ရတာကြောင့် ၂၀၂၂ခုနှစ်မှာ ကူဘိုက ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာကာ ဆိုစီဒက်ဆီ အပြီးသတ် ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Marca

ဆိုစီဒက်မှာတော့ ကူဘိုက ပုံမှန် ပွဲထွက်ခွင့် ရခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ကူဘိုက ဆိုစီဒက်အတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ကူဘိုက လက်ရှိမှာ ပန်းခင်းလမ်း တခုကို လျှောက်လှမ်းနေရပေမယ့် သူ့ရဲ့ ငယ်ဘဝက အများထင်သလို မချောမွေ့ခဲ့ပဲ လာမာစီယာ အကယ်ဒမီမှာ သူ ကြုံတွေ့ခဲ့ရတဲ့ အနိုင်ကျင့်မှုတွေဟာ အတော်လေးကို ဆိုးရွားကြောင်း ကူဘိုရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ သိရပါတယ်။ လာမာစီယာ အကယ်ဒမီနဲ့ ပတ်သတ်ပြီး ကူဘိုက – “အသက်ငယ်ငယ်နဲ့ ဘာစီလိုနာဆီ ပြောင်းခဲ့တုန်းက အများကြီး သိပ်မစဉ်းစားဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ဘာစီလိုနာမှာ ကစားချင်တာကြောင့် ဘာပဲဖြစ်ဖြစ် စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က လာမာစီယာ အကယ်ဒမီမှာ ခက်ခဲတဲ့ အချိန်တွေ ရခဲ့တယ်လို့ မတွေးမိပါဘူး။ ဒါပေမယ့် အဆောင်မှာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ ကလေးတွေ အများကြီး ရှိခဲ့တာကြောင့် ကျွန်တော်သာ စိတ်ဓာတ်ပိုင်းမှာ အားနည်းခဲ့ရင် စောစောစီးစီးပဲ အဆုံးသတ်သွားမှာပါ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က သေးတာကြောင့် အနိုင်ကျင့်မှုတွေ မခံရအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ထက် လူကောင်ကြီးတဲ့ကောင်တွေက တခါတလေ ကျွန်တော့်ကို လက်သီးတွေနဲ့ ထိုးပြီး အနိုင်ကျင့်ခဲ့ကြပါတယ်။ ကျွန်တော်က အဲ့ဒီအကြောင်းတွေကို ပြန်မပြောချင်ပါဘူး။ ဒါပေမယ့် လာမာစီယာ အကယ်ဒမီက အရမ်းကို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် တခုပါ။ ဒါပေမယ့် နာကျင်မှုတွေကို မေ့ပြီး အကောင်းဆုံး ကြိုးစားမယ် ဆိုရင် အဆုံးသတ်မှာ အောင်မြင်မှုတွေကို ရရှိပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။