ပြီးခဲ့တဲ့ရက်ပိုင်းကမှ သူဟာ ဂျာမဏီ လက်ရွေးစင်အသင်း ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဂျာမဏီအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တိုနီကရူးစ်ကတော့ လက်ရှိမှာ သူ့ရဲ့ ဘောလုံးကစားသမား ဘဝကို ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာကိုပါ ဖွင့်ဟ ပြောပြသွားပါတယ်။

တိုနီကရူးစ်ဟာ ယခု ကျင်းပနေတဲ့ ယူရို၂၀၂၀ပြိုင်ပွဲကို ဂျာမဏီလက်ရွေးစင် အသင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဂျာမဏီအသင်းဟာ ထိုက်သင့်သလောက် အောင်မြင်မှု မရခဲ့ပဲ ၁၆သင်းအဆင့်မှာတင် အင်္ဂလန်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် တိုနီကရူးစ်ဟာ အဆိုပါပွဲ ပြီးဆုံးချိန်မှာပဲ သူဟာ လက်ရွေးစင် ကစားသမားဘဝ ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

Photo Credit: Standard

အသက် ၃၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ တိုနီကရူးစ်ဟာ ဂျာမဏီလက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို အရယူနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဂျာမဏီအသင်းမှာရော ရီးရဲလ်မက်ဒရစ်အသင်းမှာပါ မရှိမဖြစ် ကွင်းလယ်လူ တဦးပဲ ဖြစ်ပါတယ်။

လက်ရွေးစင် ကစားသမားဘဝ ကနေ အနားယူခဲ့ပေမယ့် တိုနီကရူးစ်ဟာ သူ့ရဲ့ ဘောလုံး ကစားသမားဘဝကို အဆုံးသတ်ဦးမှာ မဟုတ်ပဲ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကာလရှည် ဆက်ရှိနေဖို့ မျှော်မှန်းထားပြီး သူ့ရဲ့ ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ ကုန်ဆုံးချင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

တိုနီကရူးစ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပြီး တိုနီကရူးစ်ကတော့ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ကစားသမားဘဝ ကနေ အနားယူနိုင်သလို အကယ်၍ ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို လိုအပ်နေသေးပါက စာချုပ်သစ်လည်း ထပ်မံ ချုပ်ဆိုနိုင်ကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန Bildနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ အဲ့ဒါအပြင် တိုနီကရူးစ်က သူဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ သေချာကြောင်း ပရိသတ်တွေကို ကတိပေးသွားပါတယ်။

သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်မယ့် အချိန်နဲ့ ပတ်သတ်ပြီး တိုနီကရူးစ်က – “ကျွန်တော်ကတော့ (ကစားသမားဘဝ ကနေ အနားယူဖို့) ၂၀၂၃ခုနှစ်ဟာ သင့်တော်တဲ့ အချိန်တခုလို့ ထင်ပါတယ်။ အဲ့ဒီအချိန်ဆို ကျွန်တော်က ၃၃နှစ် ရှိပါပြီ။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နောက်ထပ် ၁နှစ် ၊ ဒါမှမဟုတ် ၂နှစ်လောက် ထပ်ပြီး စာချုပ်သစ် ချုပ်ဖြစ်မလား ၊ မချုပ်ဖြစ်ဘူးလား ဆိုတာကို ကျွန်တော် ဆုံးဖြတ်သွားမှာပါ။ အခုထက်ထိတော့ အားလုံးက ရှင်းရှင်းလင်းလင်းပါပဲ။ သေချာတာ တခု ကတော့ ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ ကျွန်တော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်မှာပါ” လို့ ဆိုသွားတာပဲ ဖြစ်ပါတယ်။