စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တိုနီခရူးစ်က သူဟာ ရီးရဲလ်မက်ဒရစ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို မြင်တွေ့ချင်တာကြောင့် ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေကိုလည်း သူ့အသင်းမှာ မြင်ချင်ကြောင်း ပြင်သစ် ၀-၂ ဂျာမဏီ ပွဲအပြီးမှာ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဂျာမဏီအသင်းခေါင်းဆောင် ကွင်းလယ်လူ တိုနီခရူးစ်က မကြာသေးမီကမှ အနားယူနေရာ ကနေ နိုင်ငံအသင်း အတွက် ပြန်ကစားပေးဖို့ ပြန်ပြောင်း ဆုံးဖြတ်ခဲ့သူ ဖြစ်ပြီး သူက သူ့ရဲ့ တကျော့ပြန် နိုင်ငံတကာခရီးစဉ်မှာ အမ်ဘာပေ ဦးဆောင်လာတဲ့ ပြင်သစ်နဲ့ ရင်ဆိုင် ကစားခဲ့ရပါတယ်။

Photo Credit: Goal

အမ်ဘာပေရဲ့ ပြင်သစ်နဲ့ ခရူးစ်ရဲ့ ဂျာမဏီတို့ တွေ့ဆုံခဲ့ချိန်မှာ ခရူးစ်က ဂျာမဏီ အတွက် အထူးခြေစွမ်းပြ ကစားသွားခဲ့ပြီး ခရူးစ်ဟာ လူငယ်ကြယ်ပွင့် ဝစ်ဇ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ဂျာမဏီကလည်း ပြင်သစ်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ် ၀-၂ ဂျာမဏီ ပွဲအပြီးမှာတော့ တိုနီခရူးစ်က သူဟာ ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေကို ရီးရဲလ်မက်ဒရစ်မှာ မြင်တွေ့ချင်ပြီး အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တဦး ဖြစ်တာကြောင့် သူ့ကိုလည်း ရီးရဲလ်မှာ မြင်ချင်ပေမယ့် အမ်ဘာပေဟာ သူတို့အသင်းဆီ ပြောင်းလာမလား ဆိုတာကို အတိအကျ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: 90 Min

တိုနီခရူးစ်က – “အမ်ဘာပေရဲ့ အပြောင်းအရွှေ့လား။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ရီးရဲလ်မက်ဒရစ်မှာ မြင်ချင်ပါတယ်။ အမ်ဘာပေကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာ ပါပါတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို မသိပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့က လုပ်ခလစာ အတွက် ပဏာမ သဘောတူညီမှု ရရှိထားတာကြောင့် အမ်ဘာပေဟာ လာမယ့် နွေဈေးကွက်မှာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ပြောင်းဖို့ ရာခိုင်နှုန်း အတော်လေး များနေကြောင်း ဖော်ပြထားပါတယ်။