ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ တိုနီကရူးစ်က သူရဲ့ အနာဂတ် အခြေအနေနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောကြားမှုတွေ ပြုလုပ်လာခဲ့ရာ သူဟာ သူရဲ့ လက်ရှိကလပ် ရီးယဲလ်အသင်းမှာသာ ကစားသမားဘဝကို ကုန်ဆုံးသွားချင်တာဖြစ်ပြီး တခြား ဘယ်အသင်းအတွက်ကိုမှ ကစားပေးချင်စိတ် မရှိဘူးလို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။

Photo Credit : The Real Champs

၂၀၁၄ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်ကနေ ရီးယဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဂျာမနီ ကွင်းလယ်ကစားသမားကြီး ကရူးစ်ဟာ လက်ရှိမှာ ရီးယဲလ်အတွက် (၉)ရာသီမြောက်ကို ပါဝင်ကစားနေတာဖြစ်ပြီး လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ရီးယဲလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အခုလို စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့ချိန်မှာ ကရူးစ်နဲ့ ပတ်သတ်တဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ကရူးစ်ကိုယ်တိုင်ကတော့ ရီးယဲလ်မှာသာ ဆက်လက် ရှိသွားချင်တယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

Photo Credit : Football Espana

သူရဲ့ ရီးယဲလ်ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သတ်ပြီး ကရူးစ်က “ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘဝကို အနားယူသွားမှာပါ။ ဘယ်အချိန်မှန်းတော့ မသိသေးပါဘူး။ တခြား ကလပ်အသင်းတွေအတွက်တော့ မကစားချင်ပါဘူး။ ကျွန်တော်ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးဖို့အတွက် ၂၀၂၃ခုနှစ်မှာ ကလပ်အသင်းနဲ့ စကားပြောဖို့လည်း စီစဉ်ထားခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်နဲ့ ပတ်သတ်ပြီး နောက်နှစ်မှ ဆုံးဖြတ်သွားပါမယ်” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ကရူးစ်က လက်ရှိမှာ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲသွားဖို့ ရှိနေတဲ့အတွက် ဒီပြိုင်ပွဲကြီး ပြီးဆုံးသွားမှသာ သူရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်သွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်လူငယ်အသင်းမှာ ဘောလုံးပညာတွေကို သင်ယူခဲ့ပြီး ဘိုင်ယန်မှာပဲ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ကရူးစ်ဟာ ကစားသမားဘဝအတွင်း ဖီဖာကမ္ဘာ့ဖလားအပြင် ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား လာလီဂါဖလား ဘွန်ဒစ်လီဂါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့လို ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲမှာ တစ်ယောက်အပါဝင်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။