လက်ရှိ လာလီဂါနဲ့ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ တိုနီကရူးစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရှက်တာဒိုးနက်တို့ရဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ၇-၁ ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့သင့်ကြောင်း ပွဲအပြီးမှာ မချိတင်ကဲ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ယခုနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီမှာ ရှက်တာဒိုးနက် ၊ လိုက်ပ်ဇစ် ၊ ဆဲလ်တစ်တို့နဲ့ တအုပ်စုထဲ ကျရောက်နေပြီး ယနေ့မနက် အစောပိုင်းမှာတော့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲ အဖြစ် ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် ၂-၁ ရှက်တာဒိုးနက် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရှက်တာဒိုးနက်ဘက်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားကာ သွင်းဂိုးပေါင်း များစွာ သွင်းယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဂိုးကံခေမှုတွေ ၊ ရှက်တာဒိုးနက် ဂိုးသမား ထရူဘင်ရဲ့ လက်စွမ်းကောင်းတွေကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး သွင်းဂိုး ၂ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာပါ။

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က စုစုပေါင်း ဂိုးပေါက် ကန်သွင်းခွင့် ၃၆ကြိမ် ရရှိခဲ့သလို ဂိုးပေါက်တည့် ကန်ချက် ၁၄ကြိမ် ရှိခဲ့ပြီး တိုနီကရူးစ်ကတော့ ရှက်တာဒိုးနက်နဲ့ ပွဲမှာ သူတို့အသင်းဟာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့သင့်ပေမယ့် ဘောလုံးဟာ ဂိုးပေါက်ထဲကို မဝင်ချင်တဲ့ သဘောမျိုး ရှိနေတာကြောင့် (ကံမကောင်းမှုအား ဆိုလိုလျက်) ၂ဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရတာပါလို့ ပွဲအပြီးမှာ မချိတင်ကဲ ပြောကြားလာပါတယ်။

Photo Credit: Marca

တိုနီကရူးစ်က – “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အုပ်စုအဆင့် ကနေ စောနိုင်သမျှ စောစော နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ပါ။ ကျွန်တော်တို့က ၃ပွဲ ကစားအပြီးမှာပဲ ၉မှတ် အပြည့် ရထားပြီးပါပြီ။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ အုပ်စုပွဲ ၃ပွဲကို ကစားနိုင်ခဲ့တာပါ။ တခါတလေကျရင် ဘောလုံးက ဂိုးပေါက်ထဲ မဝင်ချင်တဲ့ အခိုက်အတန့်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီနေ့က အဲ့ဒီလို နေ့မျိုးပါ။ တကယ်ဆိုရင် ကျွန်တော်တို့က ၇-၁လိုမျိုး ဂိုးပြတ်ရလဒ် တခုနဲ့ အနိုင်ရခဲ့သင့်တာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့က ရမှတ် ၃မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီနေ့ပွဲဟာ ကျွန်တော်တို့ အတွက် ထိုက်တန်တဲ့ နိုင်ပွဲတပွဲပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။