စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျာမဏီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တိုနီကရူးစ် ကတော့ ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ရရှိသွားတာဟာ မဖြစ်သင့်တဲ့ အရာတခု ဖြစ်ကြောင်း လူသိရှင်ကြား ဝေဖန်သွားခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ပေးအပ်ချီးမြှင့်တဲ့ ရွှေဘောလုံးဆုပေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ယနေ့မနက် အစောပိုင်းက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး အဆိုပါဆုပေးပွဲမှာ မက်ဆီက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ကျော်ဖြတ်ကာ တနှစ်တာ အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ရရှိသွားခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါ ရွှေဘောလုံးဆုဟာ မက်ဆီရဲ့ ကစားသမားဘဝမှာ ၇ကြိမ်မြောက် ရရှိတဲ့ ရွှေဘောလုံးဆု ဖြစ်ပြီး မက်ဆီကလည်း ဘောလုံးသမိုင်း တလျှောက် ရွှေဘောလုံးဆုကို အကြိမ်ရေ အများဆုံး ရရှိတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ်ရဲ့ ရွှေဘောလုံးဆု ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး လက်ရှိအချိန် အထိ အငြင်းပွားမှုတွေ ရှိနေဆဲ ဖြစ်ကာ ရွှေဘောလုံးဆုကို မက်ဆီထက် လီဝမ်ဒေါစကီးကသာ ပိုမို ရရှိသင့်ကြောင်း ယူဆတဲ့ နာမည်ကျော် သတင်းထောက်တွေ ၊ နာမည်ကြီး ဘောလုံးသမားတွေ အများအပြား ရှိနေပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ်အသင်းမှာ ရှိနေစဉ်က လီဝမ်ဒေါစကီးနဲ့အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ တိုနီကရူးစ် ကတော့ လီဝမ်ဒေါစကီးကို ကျော်ပြီး မက်ဆီက ရွှေဘောလုံးဆုကို ရခဲ့တဲ့ ဖြစ်စဉ်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း အတိအလင်း ဝေဖန်သွားခဲ့ပါတယ်။

တိုနီကရူးစ်က – “မက်ဆီက ဒီဆုနဲ့ ဘယ်လိုမှ ထိုက်တန်မှု မရှိပါဘူး။ မက်ဆီနဲ့ ရိုနယ်ဒိုတို့က ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေ ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ တခြားလူတွေက သူ့ကို ကျော်ပြီး ရွှေဘောလုံးကို ရခဲ့သင့်ပါတယ်” လို့ လူသိရှင်ကြား ဝေဖန်သွားခဲ့တာပါ။