ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား တိုနီကရူးစ်က ဒီနေ့ညမှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမယ့် ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်း ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို သူ မကြည့်ဖြစ်တော့​ကြောင်း သူ့မှာ သူ့အသင်းရဲ့ ပွဲစဉ်ကိုသာ ကြည့်ဖြစ်နေတာကြောင့်နဲ့ တခြားလုပ်စရာတွေ များစွာရှိနေတာကြောင့် ဘာကာအသင်း ပွဲတွေကို မကြည့်ဖြစ်တာလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily News Day

ဒီနေ့ညမှာ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်း ဘာစီလိုနာနဲ့ပတ်သက်ပြီး ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား တိုနီကရူးစ်က “ကျွန်တော် ဒီနောက်ပိုင်း ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို သိပ်မကြည့်ဖြစ်ပါဘူး။ ကျွန်တော့်မှာ ကျွန်တော့်အသင်းရဲ့ ပွဲစဉ်တွေကို ကြည့်နေဖြစ်တာရော တခြား လုပ်စရာတွေရော ရှိနေတာကြောင့် သူတို့အသင်းပွဲတွေကို မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် သူတို့အကြောင်းကိုတော့ ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူတို့အသင်းမှာ သံသယ ရှိစရာ အနေအထားမျိုးလို့ ဆိုနိုင်ပေမယ့်လည်း အသင်းမှာတော့ အရည်အသွေးမြင့်တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ သူတို့အသင်းက ဇာဗီလက်ထက်မှာ ဘာတွေ ပြောင်းလဲသွားသလဲဆိုတာကတော့ မပြောနိုင်သေးပါဘူး” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

ကရူးစ်ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဇာဗီရဲ့ ဘာစီလိုနာအသင်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပြီး ဒီပွဲကနေ အနိုင်ရလာမယ့် အသင်းက အသက်လက်တီကိုနဲ့ ဘီလ်ဘာအိုတို့ ပွဲစဉ်က အနိုင်ရလာမယ့် အသင်းနဲ့ ဗိုလ်လုပွဲမှာ ထပ်မံဆုံတွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းထက် Form ကောင်းမွန်နေတယ် ဆိုပေမယ့်လည်း ဘာစီလိုနာဘက်မှာလည်း ကိုဗစ် ကူးစက်မှုကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ လူငယ်ကြယ်ပွင့် ပတ်ဒရီနဲ့ ကစားသမားသစ် ဖယ်ရန်တောရက်စ်တို့ ပါဝင်လာမှာဖြစ်လို့ ကစားသမားအင်အား တောင့်တင်းနေနိုင်သလို ရှုံးထွက်ပွဲမျိုး ဖြစ်နေတဲ့အတွက် အသင်းနှစ်သင်းလုံးမှာ အခွင့်အရေး ဆတူရှိနေပါလိမ့်မယ်။ အသင်းနှစ်သင်းလုံးကလည်း စပိန်စူပါဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးသော အသင်းတွေ ဖြစ်နေတာကြောင့် ဒီတကြိမ် တွေ့ဆုံမှုဟာလည်း ဘောလုံးပရိသတ်တွေအတွက် အကောင်းဆုံး ဖျော်ဖြေမှုတွေကို ပေးဆောင်နိုင်မှာ သေချာပါတယ်။