ကမ္ဘာ့ဘောလုံးလောကရဲ့ ဩဇာလွှမ်းမိုးမှု အကြီးမားဆုံး ဆုပေးပွဲ တခု ဖြစ်တဲ့ ရွှေဘောလုံးဆုပေးပွဲက ယနေ့မနက် အစောပိုင်းမှာပဲ ကျင်းပ ပြီးစီးခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး ကစားသမားဆု တဖြစ်လဲ ရွှေဘောလုံးဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ရရှိသွားခဲ့ပါတယ်။

ရွှေဘောလုံးဆုပေးပွဲမှာ ဘန်ဇီမာက တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့သလို ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် ဂါဗီက တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ၊ ဘာစီလိုနာ တိုက်စစ်မှူး လီဝမ်ဒေါစကီးက တနှစ်တာ အကောင်းဆုံး တိုက်စစ်မှူးဆု ၊ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုအာက တနှစ်တာ အကောင်းဆုံး ဂိုးသမားဆုတို့ကို အသီးသီး ရရှိခဲ့ကြပါတယ်။

Photo Credit: Manchester City

ဒီနှစ် ရွှေဘောလုံးဆုပေးပွဲမှာ ကစားသမားတွေ အတွက် တဦးချင်း ဆုတံဆိပ်တွေ အပြင် ကလပ်အသင်းတွေ အတွက်ပါ တနှစ်တာ အကောင်းဆုံးအသင်းဆု ဆိုပြီး ဆုတံဆိပ် တခု ချီးမြှင့်ပေးခဲ့ကာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် တနှစ်တာ အကောင်းဆုံးအသင်းဆုကို ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု တခုထဲကိုပဲ ရခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ၊ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို ရခဲ့သလို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် နှစ်ခုစလုံးမှာ ဒုတိယနေရာတွေ ရခဲ့တဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ တနှစ်တာ အကောင်းဆုံးအသင်းဆုကို ရရှိသွားခဲ့တာပါ။

Photo Credit: Marca

မန်ချက်စတာ စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု တခုထဲသာ ရယူနိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုပေးပွဲကို ကြီးမှူးကျင်းပတဲ့ France Footballက မန်ချက်စတာ စီးတီးကို တနှစ်တာ အကောင်းဆုံးအသင်းဆု ချီးမြှင့်ခဲ့တဲ့ အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ တိုနီကရူးစ်နဲ့ ကော်တိုအာတို့ကလည်း လာလီဂါနဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးမှာ ဗိုလ်စွဲခဲ့တဲ့ သူတို့အသင်းဟာ တနှစ်တာ အကောင်းဆုံးအသင်းဆုကို မရခဲ့တဲ့ အပြင် တနှစ်လုံးမှာ တတိယ အကောင်းဆုံးအသင်း အဖြစ်သာ သတ်မှတ်ခံခဲ့ရတဲ့ အပေါ် အတော်လေး အံ့ဩစိတ်ပျက်နေပါတယ်။

တိုနီကရူးစ်က သူ့ရဲ့ လူမှုကွန်ယက် ကနေ တဆင့် “၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ တတိယ အကောင်းဆုံးအသင်း ဖြစ်သွားတဲ့ အပေါ် ပျော်ရဲ့လား ရီးရဲလ်မက်ဒရစ်ရေ…” ဆိုပြီး အငေါ်တူးကာ ရွှေဘောလုံးဆုပေးပွဲရဲ့ ဒိုင်တွေကို အရွဲ့တိုက်ခဲ့သလို ကော်တိုအာကလည်း ရွှေဘောလုံးဆုပေးပွဲ အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “စီးတီးက တနှစ်တာ အကောင်းဆုံးအသင်းဆုကို ရသွားတာလား။ ကျွန်တော်တို့ အားလုံးက ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်နေပါပြီ” လို့ ပြောကြားကာ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။