ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် ခရွန်ကီမိသားစုကတော့ သူတို့ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပေမယ့် အာဆင်နယ်အသင်းကို ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်း အပါအဝင် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ၆သင်းဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ အတွက် ကြိုးစားခဲ့တဲ့ အသင်း ၁၂သင်းမှာ ပါဝင်ပြီးနောက်မှာတော့ အင်္ဂလန် ဘောလုံးပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရသလို အသင်းပိုင်ရှင်တွေအနေနဲ့ အသင်းတွေကို ပြန်လည် ရောင်းချသင့်တယ် ဆိုပြီး တောင်းဆိုမှုတွေကိုပါ ခံနေရပါတယ်။

Photo Credit: Standard

အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာနတခုဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း အင်္ဂလန် ထိပ်သီးအသင်း ၆သင်းအနက် တသင်းရဲ့ ပိုင်ရှင်တွေဟာ သူတို့အသင်းကို ပြန်လည် ရောင်းချဖို့ အထိ စဉ်းစားနေပြီ ဖြစ်ကြောင်း ဖော်ပြနေတာကြောင့် အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ ခရွန်ကီမိသားစုအနေနဲ့ အာဆင်နယ်အသင်းကို ပြန်လည် ရောင်းချတော့မလား ဆိုပြီး မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ခရွန်ကီရဲ့သားဖြစ်သူ ဂျို့ရှ်ခရွန်ကီကတော့ သူတို့ဟာ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ကြိုးပမ်းခဲ့တဲ့ အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ထိုက်တန်ပေမယ့် အသင်းကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း အင်တာဗျူးတခုမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

အာဆင်နယ်အသင်းနဲ့ ပတ်သတ်ပြီး ဂျို့ရှ်ခရွန်ကီက – “ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ အာဆင်နယ်အသင်းကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တာဝန်နဲ့ ထိုက်တန်တဲ့လူတွေလို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ကလပ်အပြင်ဘက်က ဖိအားတွေကြောင့် အရမ်း ခက်ခဲတဲ့ အနေအထား တခုကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ထဲက ပြင်ဆင်ထားတဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွက် ပြင်ဆင်မှုတွေ ရှိနေသလို အဲ့ဒါတွေနဲ့ ပတ်သတ်ပြီးလည်း ကျွန်တော်က အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်က အခုချိန်မှာ မယုံကြည်မှုတွေ ၊ သံသယရှိမှုတွေနဲ့ ကြုံတွေ့နေရပေမယ့် အချိန်ကြာလာရင် အသင်းရဲ့ ပရိသတ်တွေနဲ့ ကျွန်တော့်ရဲ့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတခုကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ အသင်းကို ကောင်းမွန်တဲ့ နေရာတခုဆီ အရောက်ပို့နိုင်တာကိုလည်း သူတို့ကို သက်သေပြချင်ပါတယ်။ ကျွန်တော်တို့ဟာ အသင်းကို ရောင်းချမလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေချင်ပေမယ့် ကျွန်တော်တို့မှာ အသင်းကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။