ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ခရွန်ကီကတော့ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်းရဲ့နည်းပြ အာတီတာကို အပြည့်အဝ ယုံကြည်နေသေးကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီအစမှာ ရလဒ်တွေ အတော်လေးကို ဆိုးဝါးနေတဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၃ပွဲ ကစားထားရာ ၃ပွဲစလုံးကို အရေးနိမ့်ခဲ့သလို သွင်းဂိုး ၁ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ပေးဂိုး ၉ဂိုး အထိ ရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၂၀ အထိ ကျရောက်နေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ အာတီတာကို အာဆင်နယ်အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုသံတွေ ကျယ်လောင်လာပြီး ချယ်လ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းရဲ့ နည်းပြဟောင်း ကွန်တီကို အစားထိုး ခန့်အပ်ဖို့ အကြံပေးမှုတွေလဲ ရှိနေပါတယ်။

ဒါပေမယ့် နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ခရွန်ကီမိသားစုဟာ အသင်းရဲ့ အားကစား ဒါရိုက်တာ အီဒူးနဲ့ နည်းပြ အာတီတာတို့အပေါ် ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Metro

ခရွန်ကီမိသားစုဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အာတီတာက အာဆင်နယ်အသင်းကို ယခင်လို အောင်မြင်မှု လမ်းကြောင်းပေါ် ဆွဲတင်ပေးနိုင်မယ်လို့ ယူဆထားကြောင်း ၊ ဒါ့အပြင် လက်ရှိ အာဆင်နယ်အသင်းရဲ့ လူစာရင်းကို အာတီတာကလွဲရင် ဘယ်နည်းပြကမှ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြောင်း The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ အာတီတာကို အာဆင်နယ်အသင်းမှာ ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပြီး အာတီတာဟာ ရှေ့လာမယ့် နောဝှစ်ချ် ၊ ဘန်လေ ၊ စပါး စတဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ မရယူနိုင်မှသာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိပါတယ်။