စပိန် လာလီဂါ-၂ ကလပ် ဂီဂျွန်ရဲ့ ယူကရိန်း နောက်ခံလူ တဦး ဖြစ်သူ ကရာဗက် ကတော့ သူဟာ သူ့ရဲ့ အမိမြေ ယူကရိန်းကို ကာကွယ်ဖို့ အတွက် ဘောလုံးသမား ဘဝကို စွန့်လွှတ်တော့မယ်လို့ စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မာကာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ယူကရိန်း နောက်ခံလူ ကရာဗက်ဟာ ဂီဂျွန်ရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဂီဂျွန်အတွက် ၂၄ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: Express

ကရာဗက်ဟာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စစ်အင်အားကြီးနိုင်ငံ ရုရှားက သူ့ရဲ့ အမိမြေ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလာခဲ့တာကြောင့် ဘောလုံးသမား ဘဝကို စွန့်ခွာပြီး ယူကရိန်းပြည်သူတွေကို ကာကွယ်ဖို့ စစ်သား တဦး အဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်နေပါတယ်။

ကမ္ဘာပေါ်မှာ စစ်အင်အား အကြီးဆုံး နိုင်ငံတွေထဲက တခု ဖြစ်တဲ့ ရုရှားဟာ အိမ်နီးချင်းနိုင်ငံ ယူကရိန်းအပေါ် အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ ကျူးကျော်စစ် ဆင်နွှဲနေတာ ဖြစ်ပြီး သတ္တိမခေတဲ့ ယူကရိန်း ပြည်သူတွေကလည်း ရုရှားရဲ့ ကျူးကျော်စစ်ကို တတ်အားသရွေ့ ကာကွယ် တားဆီးနေကြပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ကရာဗက်က သူဟာ ယူကရိန်းပြည်သူတွေကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူဟာ အခုချိန်အထိ ကျည်ဆန်တွေကိုတောင် မဖြည့်တတ်သေးပေမယ့် ယူကရိန်းပြည်သူတွေကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကရာဗက်က – “ရုရှားစစ်တပ်က ကျွန်တော်တို့ ပြည်သူတွေကို သတ်တယ်။ ဆေးရုံတွေကို ဗုံးကြဲတယ်။ ဒါတွေ အားလုံးက ပူတင်ရဲ့ အမှားတွေပါ။ ကျွန်တော်က ဒီစစ်ပွဲအတွက် ရုရှားနိုင်ငံ တခုလုံးကို အပြစ်မတင်ချင်ပါဘူး။ ဒီစစ်ပွဲကို စခဲ့တာက ပူတင်ပါ။ ကျွန်တော်တို့ ယူကရိန်းနိုင်ငံက ငြိမ်းချမ်းစွာ နေထိုင်ချင်တဲ့ နိုင်ငံတခုပါ။ ကျွန်တော်တို့က ဘယ်သူ့ကိုမှလည်း မတိုက်ခိုက်ချင်ပါဘူး။ အမှန်တရား တခုကို ပြောရရင် ကျွန်တော်က စစ်ပွဲထဲ သွားချင်နေပါပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ ပြည်သူတွေကို ကာကွယ်ချင်တယ်။ ဒါပေမယ့် ကျွန်တော်က အခုချိန်တော့ ကူညီလို့ မရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က သေနတ်ကို ကျည်ဆန်တောင် ပြန်မဖြည့်တတ်သေးလို့ပါ။ ဒါပေမယ့် ကျွန်တော်က စစ်ပွဲထဲ သွားချင်တယ်။ ပြည်သူတွေကို ကာကွယ်ချင်ပါတယ်။ တကယ်လို့ ကျွန်တော်ကသာ သွားခွင့် ရှိရင် ကျွန်တော့်ရဲ့ နိုင်ငံကို ကာကွယ်သွားပါမယ်။ ဒါက ယူကရိန်းသား တယောက်ရဲ့ သစ္စာအဓိဌာန်ပါ။ တကယ်လို့ ကျွန်တော့်ရဲ့ နိုင်ငံကသာ လူတိုင်းကို အလိုရှိမယ် ဆိုရင် ကျွန်တော် အခုချက်ချင်းပဲ ယူကရိန်းဆီ သွားပါမယ်။ ကျွန်တော် ဂီဂျွန်ကို သွားခွင့်ပြုဖို့ ခွင့်တောင်းမယ်။ ပြီးရင် စစ်တပ်ထဲ ဝင်ပါမယ်” လို့ ပြောကြားခဲ့တာပါ။