စပိန်လာလီဂါရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားအသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက နောက်ခံလူ ကွန်ဒေဟာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ကွန်ဒေဟာ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တဦး ဖြစ်ပြီး ဘောလုံးစွမ်းရည် ပြည့်ဝသလို လျင်မြန်မှုလည်း ရှိတာကြောင့် သူ့ကို စပိန်ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမို့စ်လက်သစ်လို့ စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက တင်စားထားကြပါတယ်။

Photo Credit: Daily Mail

ကွန်ဒေဟာ ၂၀၁၉ခုနှစ်ကမှ ပြင်သစ်ကလပ် ဘော်ဒိုးအသင်း ကနေ ဆီဗီးလားအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် လာလီဂါပြိုင်ပွဲမှာ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ကာ ဆီဗီးလားအသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်လာပြီး ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ထိပ်တန်းအသင်းတွေ အမြောက်အမြား ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကလည်း ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းဟာ ကွန်ဒေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဆီဗီးလားအသင်းဟာ ကွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း အထိ တောင်းဆိုခဲ့တာကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ကွန်ဒေကို ခေါ်ယူဖို့ လက်လျော့ခဲ့တာပါ။

Photo Credit: Daily Mail

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွန်ဒေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး စပါးအသင်းဟာ ကွန်ဒေကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ကွန်ဒေကတော့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ထံ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ကနေ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Mirror သတင်းဌာနက ဖော်ပြသွားပါတယ်။

The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ကွန်ဒေဟာ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကို ရရှိထားပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ပါက ကွန်ဒေကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိကြောင်း သိရပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး အကယ်၍ ဗာရန်းကိုသာ မခေါ်ယူဖြစ်ပါက ကွန်ဒေကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။