MySport Myanmar

ရပ်ရှ်ဖို့ဒ်ကို အသင်းနဲ့ အမြန်ဆုံး အသားကျအောင် ကူညီပေးနေတဲ့ ခွန်ဒေး

ဘာစီလိုနာအသင်းရဲ့ အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့ နောက်ခံလူ ဂျူးလ်စ် ခွန်ဒေးက မန်ချက်စတာ ယူနိုက်တက်ကနေ အငှားနဲ့ရောက်ရှိလာတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အသင်းနဲ့အသားကျအောင် ကူညီပေးနေပြီး အသင်းဖော်သစ်အပေါ် သူရဲ့ ပထမဆုံးအထင်အမြင်များကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်တစ်ယောက် ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီ အငှားထွက်ကစားဖို့ ရောက်ရှိလာပြီးနောက် နောက်ခံလူ ခွန်ဒေးက အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ အနည်းငယ် အေးဆေးပြီး ရှက်တတ်တဲ့ပုံစံ ရှိပေမယ့် ဘာစီလိုနာမှာ ကစားခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်နေတာ ထင်ရှားတယ်လို့ ဆိုပါတယ်။

Photo Credit : Barca Fans Team’s Facebook

ပြင်သစ်လက်ရွေးစင် ခွန်ဒေးက ရပ်ရှ်ဖို့ဒ်ကို အင်္ဂလိပ်လို စကားပြောပေးခြင်းဖြင့် အသင်းမှာ အမြန်ဆုံးအသားကျစေဖို့ ကြိုးစားကူညီနေကြောင်းနဲ့ တခြားအသင်းဖော်တွေကလည်း သူ့ကို အရမ်းနွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။ “သူ (ရပ်ရှ်ဖို့ဒ်) က အနည်းငယ် အေးဆေးပြီး ရှက်တတ်တဲ့ ပုံစံရှိပေမယ့် သူတကယ်ကို ပျော်နေပြီး တစ်နေ့ထက်တစ်နေ့ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာနေပါပြီ။ သူပျော်နေပါတယ်။ သူ အမြဲတမ်း ပြုံးနေတတ်တယ်။ ကွင်းထဲမှာလည်း သူ ပျော်ရွှင်နေတာကို တွေ့ရတယ်။”

“သူ့ကိုကြည့်ရတာ ကျွန်တော့်ကို ကျွန်တော်ပြန်မြင်နေရသလိုပါပဲ။ အေးဆေးတတ်ပေမယ့် ပျော်ပျော်နေတတ်ပြီး တဖြည်းဖြည်းနဲ့ ပိုအဆင်ပြေလာမယ်လို့ ယုံကြည်ပါတယ်။ အသင်းသားအားလုံးကလည်း သူ့ကို အရမ်းနွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ သူကလည်း လူတိုင်းနဲ့ စကားလိုက်ပြောနေပါပြီ။ ကျွန်တော်က အင်္ဂလိပ်စကားပြောတတ်တော့ သူ့ကို အကောင်းဆုံးဖြစ်အောင် ကူညီပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အသင်းသားတိုင်းကလည်း အဲ့ဒီလိုပဲ ကူညီပေးနေကြပါတယ်။” လို့ ခွန်ဒေးက Sport သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် ကတ်တလန်ကလပ်မှာ ကစားခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေတာ ထင်ရှားပါတယ်။ ဒီအပြောင်းအရွှေ့ဟာ အင်္ဂလန်တိုက်စစ်မှူးအတွက် အိပ်မက်တစ်ခုဖြစ်လာခြင်းဖြစ်ပေမယ့် ရေရှည်မှာ အောင်မြင်မှုရမယ်လို့တော့ အာမခံချက်မရှိသေးပါဘူး။ ဒါပေမယ့် လတ်တလောမှာတော့ ဒါဟာ ရပ်ရှ်ဖို့ဒ်နဲ့ ဘာစီလိုနာ နှစ်ဦးနှစ်ဖက်အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာပုံရပါတယ်။

ဘာစီလိုနာရဲ့ ရာသီကြိုခြေစမ်းပွဲတချို့မှာ ပါဝင်ကစားထားပြီးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ဟာ နည်းပြသစ် ဟန်ဆီဖလစ်ရဲ့အသင်း ချန်ပီယံဆုကို ကာကွယ်မယ့်ခရီးမှာ အားရစရာကောင်းတဲ့ အဖွင့်တစ်ရပ်ဖြစ်ဖို့အတွက် လာမယ့် သြဂုတ်လ (၁၆)ရက်နေ့မှာ မာယော့ကာအသင်းနဲ့ ကစားမယ့် အဝေးကွင်းပွဲစဉ်မှာ သူ့ရဲ့ လာလီဂါ ပွဲဦးထွက်ကို ကစားခွင့်ရဖွယ်ရှိနေပါတယ်။

Exit mobile version