MySport Myanmar

ချယ်လ်ဆီးထက် ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ခွန်ဒဲ ရှင်းလင်း

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပစ်မှတ် ဖြစ်နေရင်းကနေ အဆုံးသတ်မှာတော့ ဘာစီလိုနာကို ရောက်ရှိသွားခဲ့ရတဲ့ ဆီဗီလာ နောက်ခံကစားသမား ဂျုစ့်ခွန်ဒဲက သူ့ကို ချယ်လ်ဆီးဘက်က အလိုရှိခဲ့တာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ ရည်မှန်းချက်ကောင်းတဲ့ စီမံကိန်းကြောင့် ချယ်လ်ဆီးထက် ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : EPL Social

ပြင်သစ်လက်ရွေးစင် ဗဟိုခံစစ်ကစားသမား ခွန်ဒဲကို ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ကတည်းက လိုချင်နေခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့်လည်း မအောင်မြင်နိုင်ခဲ့သလို ဒီနှစ် ဈေးကွက်ထဲမှာပါ ဘာစီလိုနာက ခွန်ဒဲကို ကြားဖြတ် ခေါ်ယူသွားခဲ့တာနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ခွန်ဒဲရဲ့ အပြောင်းအရွှေ့ မဖြစ်ပေါ်ခင်မှာ ချယ်လ်ဆီးက ခွန်ဒဲကို ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းခဲ့ပေမယ့်လည်း တကယ့်တကယ်မှာတော့ ဘာစီလိုနာက ခွန်ဒဲကို ပိုမို စည်းရုံးနိုင်ခဲ့ပြီး ခွန်ဒဲကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ထက် သူနဲ့ အဆင်ပြေနေပြီးသား အံ့ဝင်ခွင်ကျ ဖြစ်နေပြီးသား လာလီဂါမှာ ဆက်လက်ရှိနေဖို့ကိုသာ စိတ်ဝင်စားခဲ့ပါတယ်။

Photo Credit : Football Espana

ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလပ်အသင်းလို့ လူသိများနေတဲ့ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီး ရာဖင်ညာတို့လို ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူလို့အပြီးမှာ ဆီဗီလာနောက်ခံလူ ခွန်ဒဲကိုပါ ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)+add on ကြေး ယူရိူ(၁၀)သန်းနဲ့ ထပ်မံ ခေါ်ယူခဲ့ပြန်ပါတယ်။ ဘာစီလိုနာ ကစားသမားသစ် ဖြစ်လာခဲ့ရတဲ့ ခွန်ဒဲက အသင်းနဲ့ တရားဝင် မိတ်ဆက်ပွဲ အခမ်းအနားမှာ “ကျွန်တော် ချယ်လ်ဆီးကို သွားဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့် ရည်မှန်းချက် ကြီးမားတဲ့ ပရောဂျက်တစ်ခု ရှိနေတဲ့ ဘာစီလိုနာအသင်းကိုပဲ ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတို့ကြား သဘောတူညီမှု ရရှိဖို့ကို ကျွန်တော် စောင့်ဆိုင်းခဲ့တယ်။ ကျွန်တော် လာလီဂါမှာ ကစားရတာ နှစ်သက်ပြီးတော့ ဒီမှာ ကစားနေရတာက ကျွန်တော့်အတွက် ပိုမို လွယ်ကူနေစေမှာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာနဲ့ အံ့ဝင်နိုင်အောင်တော့ ကြိုးစားရပါဦးမယ်။ ဘာစီလိုနာကို ရောက်လာရလို့လည်း အရမ်းဂုဏ်ယူမိပြီး ပျော်ရွှင်နေတယ်။ အသင်းဥက္ကဌနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ဒီအသင်းအတွက် ဆုဖလားတွေ ရယူပေးသွားချင်ပါတယ်။ နောက်ပြီး လအနည်းငယ်အတွင်း ကတ်တလန်စကား ပြောတတ်လာအောင်ပါ ကြိုးစားသင်ယူသွားပါမယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Exit mobile version