စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားအသင်းရဲ့ အဓိက နောက်ခံလူ ခွန်ဒေ ကတော့ သူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ မပြောင်းရွှေ့နိုင်ခဲ့တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တချို့ ရှိခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ခွန်ဒေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ မိခင်ကလပ် ဆီဗီးလားအသင်းတို့ ကြားထဲမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသူပါ။

Photo Credit: Marca

ချယ်လ်ဆီးအသင်းဟာ ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းတန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ဆီဗီးလားအသင်း ကတော့ ခွန်ဒေရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၈၀သန်း ရမှသာ ခွန်ဒေကို ရောင်းချမယ်လို့ တုံံ့ပြန်ခဲ့တာကြောင့် ခွန်ဒေနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ခွန်ဒေဟာ ဆီဗီးလားအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တချို့ကို သူ့သဘောနဲ့သူ ပျက်ကွက်ခဲ့ပြီး အသင်းကို ဆန္ဒပြမှု တချို့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းခေါင်းဆောင် ရာကီတစ်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ အတူ အသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

လက်ရှိမှာ ခွန်ဒေဟာ ယခင်ကလို အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ပိုင်ဆိုင်နေပြီး ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားကာ ခွန်ဒေ ကတော့ သူဟာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် စိတ်ညစ်ခဲ့ရပေမယ့် ယခုအချိန်မှာ အဆိုပါဖြစ်ရပ်တွေကို မေ့ဖျောက်နိုင်ခဲ့ပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ခွန်ဒေက – “ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ ကိစ္စက ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အနည်းငယ် ထိခိုက်စေခဲ့ပါတယ်။ ကျွန်တော် စိတ်ညစ်ခဲ့တဲ့ အချိန်တွေလည်း ရှိဖူးပါတယ်။ ဒါပေမယ့် အခုတော့ အားလုံး အဆင်ပြေပြေ ဖြစ်နေပါပြီ” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။