စပိန် လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဆီဗီးလားအသင်းရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ကွန်ဒီကတော့ သူဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဆီဗီးလားအသင်း ကနေ ထွက်ခွာနိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် ပြင်သစ် နောက်ခံလူ ကွန်ဒီဟာ ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ဆီဗီးလားအသင်းနဲ့အတူ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ ထင်ရှားလာတဲ့ လူငယ် နောက်ခံလူတဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စပိန် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

 

Photo Credit: AS English

ကွန်ဒီဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ကစားပုံ ဆင်တူတဲ့ လူငယ် နောက်ခံလူ အဖြစ် စပိန် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုကို ခံထားရသူ ဖြစ်ပြီး လက်ရှိရာသီမှာလည်း ဆီဗီးလားအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၉ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကွန်ဒီဟာ ဆီဗီးလားအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေကြောင်း ဝန်ခံခဲ့ပြီး ဆီဗီးလားအသင်း ကတော့ ကွန်ဒီရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၇၀သန်း အထိ သတ်မှတ်ထားပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်တဲ့ အကြောင်းကို ကွန်ဒီက –

Photo Credit: AS English

“ဒီနွေရာသီမှာ ကျွန်တော် အသင်းပြောင်းဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး။ ကျွန်တော့်ရဲ့ ပန်းတိုင်ကတော့ တနေ့မှာ အမြဲတမ်း ဆုဖလားတွေ ရရှိဖို့ ကြိုးစားနေတဲ့ ထိပ်တန်းအသင်း တသင်းမှာ ပါဝင် ကစားချင်တာပါ။ ဘောလုံးရာသီ တခု စတဲ့ အချိန်တိုင်းမှာ ကိုယ့်ကိုကိုယ် ငါတို့ကတော့ ဒီနှစ် ဒီဖလားကို ရအောင် ယူမယ်ကွာ ဆိုပြီး ပြောနိုင်တဲ့ အသင်းတသင်းဆီ ပြောင်းချင်ပါတယ်။ ကျွန်တော် အသင်းပြောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ မဟုတ်သေးဘူးပေါ့” လို့ ပြောကြားခဲ့တာပါ။ လက်ရှိမှာတော့ ကွန်ဒီကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ် အသင်းက ရေပန်းအစားဆုံး ဖြစ်နေကာ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ပြင်သစ် လူငယ်ကြယ်ပွင့် ဖြစ်တဲ့ ကွန်ဒီတယောက် ဘယ်အသင်းဆီ ရောက်သွားမလဲ ဆိုတာ ကျွန်တော်တို့တွေ အတူတူ စောင့်ကြည့်ကြတာပေါ့။