ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ကူလီဘလီကတော့ သူတို့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်စွမ်း ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟိုနောက်ခံလူ ကူလီဘလီက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ နာပိုလီ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

 

Photo Credit: Goal

ကူလီဘလီက နယ်မြေသစ် တခုကနေ အင်္ဂလန်မြေဆီ ရောက်လာသူ ဖြစ်ပေမယ့် ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး သူဟာ ဒီရာသီမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူပေးထားနိုင်ကာ လက်ရှိမှာတော့ ကူလီဘလီဟာ ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ကူလီဘလီက ဒဏ်ရာရနေပေမယ့် သူ့ရဲ့ ချယ်လ်ဆီးကတော့ နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၆ပွဲနိုင် ၃ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိထားပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ချယ်လ်ဆီးဟာ ဂရေဟမ် ပေါ်တာနဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အလွယ်တကူ ရရှိလိမ့်မယ်လို့ သုံးသပ်ထားကြပြီး ကူလီဘလီကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သာမကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ရယူနိုင်စွမ်း ရှိတယ်လို့ ဆိုလာပါတယ်။

ကူလီဘလီက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒီရာသီမှာ ရယူနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်က ချယ်လ်ဆီးနဲ့ အတူ သမိုင်းသစ် ရေးထိုးချင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ကို အရမ်း လိုချင်တဲ့ နည်းပြတယောက်ဆီ ပြောင်းရွှေလာပေမယ့် အခုတော့ သူက မရှိတော့ပါဘူး။ တူဟယ်လ်နဲ့ ပေါ်တာတို့ နှစ်ယောက်လုံးက ၃ယောက်တန်း ခံစစ်ကြောင်းကို သုံးစွဲကြတဲ့ နည်းပြတွေပါ။ ကျွန်တော်က နာပိုလီမှာ ၄ယောက်တန်း ခံစစ်ကြောင်းနဲ့ပဲ ကစားခဲ့ဖူးပေမယ့် နည်းစနစ်အသစ်တွေကို လေ့လာဖို့ အဆင်သင့်ပါပဲ” ဆိုပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။