နာပိုလီ ခံစစ်ကစားသမား ကူလီဘလီ ကိုတော့ လီဗာပူးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာတော့ ကူလီဘလီ က သူ့အနေနဲ့ နာပိုလီအသင်းကို ချစ်ကြောင်း နဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို‌ စောင့်ကြည့်ဖို့ လိုကြောင်း ပြောသွားခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ ကူလီဘလီ ဟာ မကြာသေးမီက စီးရီးအေ ကနေ ထွက်ပြီး တစ်ခြားလိဂ်တွေမှာ ပြောင်းကစားတော့မယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့ကာ ဥရောပထိပ်သီး အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါ အသင်းတွေ အထဲမှာ လီဗာပူး အသင်းလည်း အပါအဝင် ဖြစ်ပါတယ်။

Photo Credit: Talksport

ဆီနီဂေါ ဗဟိုခံစစ် ကစားသမား တစ်ဦးဖြစ်တဲ့ ကူလီဘလီဟာ နာပိုလီအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ကူလီဘလီ အနေနဲ့ လာရောက် ကမ်းလှမ်းကြတာတွေကို အသိအမှတ်ပြုပေမယ့် သူ့အနေနဲ့ အီတလီ ကလပ်ကို ချစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။ “ ကျွန်တော် နာပိုလီကို ချစ်တယ်။ နာပိုလီ ကလည်း ကျွန်တော့် ကို ချစ်တယ်။ ဒါက အရေးကြီးဆုံး အရာပဲ။ ကျွန်တော်က တစ်ပွဲပြီး တစ်ပွဲ ကစားနိုင်အောင် ကိုယ့်ကိုယ်ကို အမြဲ ပြင်‌ဆင်နေပါတယ်။ ကျွန်တော် စာချုပ် သက်တမ်း ၃ နှစ်ကျန်ပါသေးတယ်။ ကျွန်တော် အေးဆေးပါပဲ။ အသင်းတွေက ကျွန်တော့်ကို လိုချင်နေကြပေမယ့် ကျွန်တော် ဒီမှာ ရှိနေတုန်းပါပဲ။ ကျွန်တော် ဒီအသင်းနဲ့ ဒီက လူ‌တွေ အတွက် အကောင်းဆုံး ကစားတယ်။ ဘာလို့လဲဆိုရင် ကျွန်တော် သူတို့ကို တစ်ခုခု ပြန်ပေးချင်လို့ပဲ။ အဲ့ဒါပြီးရင် ဘာဆက်ဖြစ်မလဲ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ” ဆိုပြီး ယနေ့မနက်မှာ ကစားခဲ့တဲ့ ဆိုစီဒက် အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Talksport

ကူလီဘလီ အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ လုံးပန်းနေခဲ့ရပြီး လက်ရှိရာသီမှာ နာပိုလီအသင်း အတွက် မိနစ် အနည်းငယ်သာ ကစားပေးရသေးတာ ဖြစ်ပါတယ်။ ကူလီဘလီ ရဲ့ နာပိုလီအသင်းဟာ ဒီရာသီ ငါးပွဲ ကစားပြီးတော့ စီးရီးအေ မှာ အဆင့် နှစ် နေရာကို ရရှိထားပါတယ်။ “ ကျွန်တော် ဆိုးဆိုးရွားရွားတွေ မလုပ်ခဲ့ရင်တောင် ကျွန်တော့်မှာ ခက်ခဲတဲ့ ရာသီတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ရှိတဲ့ ခြေစွမ်း ကို ကျွန်တော် သိတယ်။ ကျွန်တော် ဒီ ထက်ပိုပြီး ကစားနိုင်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒီနှစ်မှာ နည်းပြက ကျွန်တော့်ကို အသင်းအတွက် ကျွန်တော် ဘယ်လောက် အရေးပါကြောင်း ပြောတယ်။ ဘာလို့လဲဆိုရင် ကျွန်တော် အသင်းကို ကူညီရမယ်လေ။ ကျွန်တော် ကျွန်တော့်ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်ရအောင် ကစားရမယ်။ သူ ကျွန်တော့် မျက်နှာကို ကြည့်ပြီး အမှတ်တရားကို ရိုးရိုးရှင်းရှင်းလေး ပြောသွားခဲ့တာပါ။ ကျွန်တော် ပြန်ကြိုးစားပြီးတော့ လူတိုင်းအတွက် လိုအပ်တဲ့သူ ဖြစ်အောင် လုပ်ခဲ့တယ်။ ဒီနေ့မှာ ရလဒ်က မြင်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ရာသီက ကျန်သေးတာနဲ့ ကစားပွဲတွေ အများကြီး ကျန်သေးတာကို သတိပြုရပါမယ်။ ကျွန်တော်တို့ ဒီခြေစွမ်းကို ထိန်းထားဖို့ လိုပါမယ် ” ဆိုပြီး ကူလီဘလီက ဆိုခဲ့ပါတယ်။