MySport Myanmar

ရီးရဲလ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ ယုံကြည်နေတဲ့ ကူလီဘလီ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ကူလီဘလီက သူတို့အသင်းဟာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ပြောကြားသွားခဲ့ပါတယ်။

ကူလီဘလီရဲ့ ချယ်လ်ဆီးက ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ကို ၁၆သင်း ရှုံးထွက်အဆင့်မှာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ လာရောက် တွေ့ဆုံနေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားတာကြောင့် ချယ်လ်ဆီးအတွက် ကွာတားဖိုင်နယ်ပွဲ ၂ပွဲစလုံးဟာ ခက်ခဲမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။

Photo Credit: UEFA

ယနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးမှာ ရင်ဆိုင် ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ဟာ ဧည့်သည် ချယ်လ်ဆီးကို ဂိုးပြတ် အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ချယ်လ်ဆီးရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ကူလီဘလီကတော့ ရီးရဲလ်မက်ဒရစ်ဟာ အသင်းကောင်း တသင်း ဖြစ်ပေမယ့် သူတို့အသင်းက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေပြီး သူတို့အသင်းဟာ ခက်ခဲတဲ့ အချိန်တွေမှာ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းလည်း ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Sports Brief

ကူလီဘလီက – “ဒီပွဲက အတော်လေးကို ခက်ခဲမယ့်ပွဲပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ဒီစမ်းသပ်ချက်ကို (ကွာတားဖိုင်နယ်အား ရည်ရွယ်လျက်) ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်း ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က လက်ရှိ ချန်ပီယံ ဆိုတော့ ဒီပွဲဟာ ကျွန်တော်တို့ အတွက် အရမ်းကို ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိသလို အသင်းဖော်တွေနဲ့ နည်းပြအပေါ်လည်း အပြည့်အဝ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version