နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံကစားသမား ကူလီဘလီကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ နာပိုလီအသင်းကို စွန့်ခွာသွားဖို့ သေချာသလောက်ကိုရှိနေသလို နာပိုလီကလည်း အခုလို စီးပွားရေးကျပ်တည်းနေတဲ့ ကာလအတွင်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကူလီဘလီကို ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကူလီဘလီကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ် မန်စီးတီး မန်ချက်စတာယူနိုက်တက်တို့အပြင် လီဂူးချန်ပီယံ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

Photo Credit : Mirror

 

အသက်(၂၉)နှစ်အရွှယ် ဆီနီဂေါလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ကူလီဘလီဟာ ၂၀၁၄ခုနှစ်ကမှ ဘယ်ဂျီယံကလပ် ဂျန့်အသင်းကနေ နာပိုလီအသင်းဆီကို ရောက်ရှိလာတာဖြစ်ပြီး နာပိုလီမှာ နှစ်အနည်းငယ် ပါဝင်ကစားရင်းကနေ သူရဲ့ကမ္ဘာ့အဆင့် ခံစစ်စွမ်းရည်တွေကို ပြသနိုင်ခဲ့လို့ သူ့ကို ဥရောပထိပ်သီးအသင်းတွေကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကူလီဘလီကိုယ်တိုင်ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေအားလုံးထဲကမှ နည်းပြပတ်ဂွာဒီယိုလာကိုင်တွယ်လို့နေတဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

Photo Credit : Bleacher Report

ကူလီဘလီဟာ နည်းပြဂွာဒီယိုလာရဲ့လက်အောက်မှာ ပါဝင်ကစားချင်နေတာဖြစ်ပြီး ဂွာဒီယိုလာကလည်း သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ပီကေး ကွန်ပနီ ဘိုတန်တို့ကို World Class အဆင့် ဗဟိုနောက်ခံလူတွေဖြစ်လာအောင် ပုံသွင်းပေးခဲ့တာဖြစ်လို့ ကူလီဘလီက ဂွာဒီယိုလာနဲ့ လက်တွဲချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းကလည်း ဒီရာသီမှာ ဗဟိုခံစစ်မှူးကြီးဖြစ်တဲ့ ကွန်ပနီကို အသင်းကနေ အလွတ်ထွက်ခွာခွင့် ပေးခဲ့ရသလို အသင်းရဲ့ အဓိကနောက်ခံလူ လာပေါ့တ်မှာလည်း ဒဏ်ရာပြသာနာကြောင့် ပွဲတော်တော်များများကို လွဲချော်ခဲ့ရလို့ အသင်းရဲ့ခံစစ်မှာ အော်တာမန်ဒီနဲ့ ဂျွန်စတုန်းစ်တို့အပြင် ဝါရင့်ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကိုလည်း ခံစစ်မှာသုံးခဲ့ရလို့ အသင်းရဲ့ခံစစ်ပိုင်း အားနည်းခဲ့ရပြီး အသင်းရဲ့ရလဒ်ပိုင်းတွေ ဆိုးရွှားခဲ့တာကြောင့် လာမယ့်နွေစျေးကွက်မှာ ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပါတယ်။ ကူလီဘလီရဲ့လက်ရှိအသင်း နာပိုလီရဲ့ဥက္ကဌဖြစ်သူ ဒီလော်ရန်းတစ်ကတော့ သူတို့ရဲ့ ကစားသမားကို ပေါင်သန်း(၉၀)လောက်နဲ့ ကမ်းလှမ်းမှသာ ရောင်းချမှဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့လို့ ပြောင်းရွှေ့ကြေးအပိုင်းကိုတော့ ဆက်လက်ညှိနှိုင်းရနိုင်ပါတယ်။