၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တောင်ကိုရီးယားရဲ့ လက်ထောက်နည်းပြ ဖြစ်သူ ကော်စတာက ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲမှာ ဂါနာကို ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ ဘက်လိုက်မှုနဲ့ မမျှတမှုကြောင့် ဂါနာကို အရှုံးပေးခဲ့ရတာလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တောင်ကိုရီးယားက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး ၊ ပေါ်တူဂီ ၊ ဂါနာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုအဖွင့်ပွဲမှာ ဥရုဂွေးနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် အုပ်စုဒုတိယပွဲ အဖြစ် ဂါနာနဲ့ ရင်ဆိုင် ကစားခဲ့ရာမှာတော့ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Mirror

တောင်ကိုရီးယားက ဂါနာကို ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုပွဲ ၂ပွဲ အပြီးမှာ ရမှတ် ၁မှတ်သာ စုဆောင်းထားနိုင်ခဲ့သလို အုပ်စုနောက်ဆုံးပွဲမှာ အုပ်စုတွင်း အင်အားအတောင့်ဆုံး ဖြစ်တဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက် ရှိနေရေး မျှော်လင့်ချက်ဟာ အတော်လေးကို နည်းပါးသွားခဲ့ပါပြီ။

ဒါကြောင့်ပဲ ဂါနာကို ရှုံးနိမ့်ခဲ့ပြီးနောက် တောင်ကိုရီးယားရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေက အတော်လေးကို စိတ်ဓာတ်ကျနေခဲ့သလို တောင်ကိုရီးယား နည်းပြချုပ် ဘန်တိုနဲ့ လက်ထောက်နည်းပြ ကော်စတာတို့က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး ဒေါသတကြီး ဝေဖန် ပြစ်တင်မှုတွေ လုပ်ခဲ့ကြပါတယ်။

Photo Credit: Mirror

အထူးသဖြင့် ဘန်တိုနဲ့ ကော်စတာတို့က ပွဲချိန် နောက်ဆုံးမိနစ်မှာ သူတို့အသင်းဟာ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ရခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အဆိုပါ ပြစ်ဒဏ်ဘောကို ကန်ခွင့် မပေးပဲ ပွဲကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တဲ့ အပေါ် အတော်လေး ဒေါသထွက်နေကြပြီး နည်းပြချုပ် ဘန်တိုက အဆိုပါဖြစ်ရပ် အတွက် ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့ရာ အနီကတ် ပြသခံခဲ့ရပါတယ်။

တောင်ကိုရီးယား ၂-၃ ဂါနာ ပွဲအပြီးမှာတော့ တောင်ကိုရီးယား လက်ထောက်နည်းပြ ကော်စတာက သူတို့ဟာ မမျှတတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ရှုံးပွဲ ကြုံခဲ့ရတာလို့ ဆိုလာပါတယ်။ ကော်စတာက – “နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်က ဘယ်လိုမှ မျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်ပါ။ ပထမပိုင်းမှာ ဂါနာက နောက်ဆုံးမိနစ်မှာ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့ပြီး ကွင်းလယ်ဒိုင်က အဲ့ဒီ ပြစ်ဒဏ်ဘောကို ကန်ခွင့် ပေးခဲ့ပါတယ်။ အခု ကျွန်တော်တို့ကျတော့ ကန်ခွင့် မပေးပါဘူး။ ကွင်းလယ်ဒိုင်က ကျွန်တော်တို့ရဲ့ သရေကျနိုင်တဲ့ အခွင့်အရေးကို လွှင့်ပစ်လိုက်တာပါ။ ဒါကြောင့်ပဲ ဘန်တိုက သူ့ကို စောဒကတက်ခဲ့တာပေါ့။ ဘန်တိုက ကွင်းလယ်ဒိုင်အပေါ် မသင့်လျော်တဲ့ အပြုအမူတွေ လုပ်ခဲ့တာမျိုး မရှိပါဘူး။ ကွင်းလယ်ဒိုင်ကတော့ သူ့ရဲ့ အပြစ်တွေကို သူကိုယ်တိုင် သိပါလိမ့်မယ်။ သူက ဒီနေ့ပွဲကို မမျှမတ ကိုင်ခဲ့တာပါ။ ဘန်တိုက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့တာကြောင့် ပြင်းပြင်းထန်ထန် စောဒက တက်မိခဲ့တာပါ။ ကျွန်တော်တို့က သူ့ကို ကာကွယ်သွားရပါမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။