ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ ဗဟိုခံစစ်မှူး ကိုနာတေးကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ မထင်မှတ်ပဲ တူနီးရှားကို အရှုံးပေးခဲ့ရတဲ့ အတွက် စိတ်တိုမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ တူနီးရှား ၊ ဩစတေးလျ ၊ ဒိန်းမတ်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စုအဖွင့်ပွဲ ၂ပွဲမှာ ဩစတေးလျနဲ့ ဒိန်းမတ်တို့ကို အနိုင်ရခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ တူနီးရှားနဲ့ ပွဲမှာတော့ မထင်မှတ်ပဲ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Standard

တူနီးရှား ၁-၀ ပြင်သစ် ပွဲစဉ်မှာ ပြင်သစ်နည်းပြချုပ် ဒက်စ်ချမ့်က အရန် ကစားသမားတွေ ထည့်သွင်းအသုံးပြုခဲ့တာကြောင့် ပြင်သစ်ဟာ ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့ပြီး တူနီးရှားရဲ့  ဖိအားပေးမှုတွေကို ခံခဲ့ရကာ ပွဲချိန် ၅၈မိနစ်မှာတော့ တူနီးရှား အသင်းခေါင်းဆောင် ခါဇရီရဲ့ အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ဂရစ်ဇ်မန်း ၊ ဒမ်ဘီလီ ၊ အမ်ဘာပေ ၊ ရာဘီယော့ စတဲ့ အဓိက ကစားသမားတွေကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် အရန် ကစားသမားတွေနဲ့ အဓိက ကစားသမားတွေရဲ့ ကြားထဲမှာ နားလည်မှု ရဖို့ ခက်ခဲခဲ့တာကြောင့် ချေပဂိုး ပြန်မရတော့ပဲ အုပ်စုနောက်ဆုံးပွဲမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

Photo Credit: Standard

တူနီးရှား ၁-၀ ပြင်သစ် ပွဲစဉ်အပြီးမှာတော့ ပြင်သစ်အတွက် ပွဲစပွဲဆုံး ပါဝင်ကစားပေးခဲ့တဲ့ ကိုနာတေးက တူနီးရှားကို ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ကိုနာတေးက – “ကျွန်တော်က ရှုံးနိမ့်ရတာကို မုန်းပါတယ်။ ကျွန်တော်တို့က ဒီတပတ်မှာ ဘာမှလုပ်စရာကို မရှိခဲ့တာပါ။ ကျွန်တော်တို့ အတွက် ဒီပွဲက ကမ္ဘာ့ဖလားပွဲ တပွဲပါ။ ဒါပါပဲ။ ကျွန်တော်တို့က လူစာရင်းကို အပြောင်းအလဲ အများကြီး လုပ်ခဲ့ရလို့ ရှုံးနိမ့်ခဲ့တာပါလို့ ဆင်ခြေမပေးချင်ပါဘူး။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ အနိုင်ရအောင် ကစားနိုင်ခဲ့သင့်တာပါ။ ကျွန်တော်တို့က ကိုယ့်ရဲ့ ပုံမှန် ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီးကို အလွယ်တကူ လက်လွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့က နောက်တပွဲ အတွက် အာရုံစိုက်နေရတယ် ဆိုပေမယ့် ဒီနေ့လိုမျိုး အမှားတွေကို လုပ်နေလို့လည်း မရပါဘူး။ ကျွန်တော်တို့က နောက်ပွဲမှာ အာဂျင်တီးနားနဲ့ပဲ တွေ့တွေ့ ၊ မက္ကဆီကိုနဲ့ပဲ တွေ့တွေ့ ၊ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ပွဲတိုင်းဟာ ခက်ခဲမယ့် ပွဲတွေချည်းပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။