တချိန်က မန်စီးတီးအသင်းရဲ့ ခံစစ်မှာ အသင်းခေါင်းဆောင်ရာထူးကို တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်မှူးတစ်ယောက်အဖြစ်ပါ သတ်မှတ်ခံခဲ့ရတဲ့ ဘယ်ဂျီယံနောက်ခံကစားသမား ဗင်းဆင့်ကွန်ပနီဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဇွန်လမှာပဲ အသင်းနဲ့ သက်တမ်းကုန်ဆုံးသွားခဲ့လို့ သူရဲ့ အသင်းဟောင်း အန်ဒါလက်ချ်အသင်းဆီကို ကစားသမားနည်းပြရာထူးနဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုလည်း မန်စီးတီးအသင်းဆီ ပြန်လည်ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးတစ်ခုကိုပါ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၃၄)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံကစားသမား ကွန်ပနီဟာ မန်စီးတီးနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ သူရဲ့ အသင်းဟောင်းဖြစ်တဲ့ နာမည်ကျော် ဘယ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းဆီကို ကစားသမားအဖြစ်နဲ့ရော နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ ပူးတွဲလုပ်ဆောင်ဖို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ကွန်ပနီရဲ့ အသင်းဟောင်းမန်စီးတီးအသင်းကတော့ လက်ရှိမှာ နည်းပြဂွာဒီယိုလာကို အကူအညီပေးနိုင်ဖို့အတွက် လက်ထောက်နည်းပြတစ်ယောက်ကို ရှာဖွေလို့နေပြီး ကွန်ပနီကိုပါ ဒီရာထူးအတွက် ပစ်မှတ်ထားနေပေမယ့် ကွန်ပနီကတော့ စိတ်ဝင်စားခြင်းမရှိပဲ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Getty Image

ကွန်ပနီဟာ လက်ရှိ အန်ဒါလက်ချ်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ်ရော အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပါဝင်ကစားပေးတဲ့အပြင် သူရဲ့ ဘယ်ဂျီယံလက်ရွေးစင်အတွက်ကိုလည်း လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဝင်ရောက်ကစားချင်နေတာကြောင့် မန်စီးတီးရဲ့ လက်ထောက်နည်းပြရာထူးကို လက်မခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပနီဟာ အန်ဒါလက်ချ်အသင်းနဲ့ လာမယ့် ၂၀၂၂ခုနှစ်အထိပါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်သေးတာကြောင့် အသက်(၃၆)နှစ်လောက်အထိကို အန်ဒါလက်ချ်မှာ ဆက်လက်ရှိနေတော့မှာဖြစ်ပါတယ်။ ကွန်ပနီကို ခေါ်လို့မရခဲ့တဲ့ မန်စီးတီးအသင်းကတော့ လစ်လပ်နေတဲ့ လက်ထောက်နည်းပြနေရာအတွက် ဂွာဒီယိုလာနဲ့ အဆင်ပြေနိုင်မယ့် ဘောလုံးသမားဟောင်းတစ်ဦးကို ရှာဖွေလျက်ရှိနေပြီး လတ်တလောမှာတော့ လီဗာပူးလ် ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း ဇာဗီအလွန်ဆိုကို ခန့်အပ်ဖွယ်ရှိနေပါတယ်။