မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ နောက်ခံလူဟောင်းကြီး ဗင်းဆင့်ကွန်ပနီဟာ လက်ရှိမှာ သူရဲ့မွေးရပ်မြေက သူရဲ့ပထမဆုံးသောအသင်းဖြစ်တဲ့ အန်ဒါလက်ချ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းပြီး တစ်နှစ်အတွင်းမှာပဲ အသင်းပရိသတ်တွေရဲ့စိတ်တိုင်းမကျမှုများနဲ့ ရင်ဆိုင်နေရပြီး ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းနဲ့ အန်ဒါလက်ချ်အသင်းတို့ ခြေစမ်းပွဲကစားခဲ့ကြတဲ့ ပွဲအပြီးမှာ အန်ဒါလက်ချ်ပရိသတ်တွေက သူတို့အသင်းကနေ ကွန်ပနီထွက်ခွာသွားဖို့ကို တောင်းဆိုလာခဲ့ကြပါတယ်။

Photo Credit : Manchester City

အသက်(၃၄)နှစ်အရွှယ်ရှိ ဝါရင့်ဘယ်ဂျီယံနောက်ခံကစားသမားကြီးကွန်ပနီဟာ မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပြီး စုစုပေါင်းဖလား(၁၁)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။ ကွန်ပနီဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ သူငယ်စဉ်ကတည်းက ပါဝင်ကစားခဲ့ဖူးတဲ့ ဘယ်ဂျီယံနာမည်ကျော်ကလပ် အန်ဒါလက်ချ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီး အသင်းမှာ ဝင်ရောက်ကစားပေးခဲ့တဲ့ပြင် ကစားသမားနည်းပြတာဝန်ကိုပါ ပူးတွဲဆောင်ရွှက်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် ကွန်ပနီက အသင်းတိုးတတ်ရေးအတွက် သူရဲ့စိတ်ကူးတစ်ခုကို ချပြခဲ့ပြီး အဲ့ဒါကတော့ ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေးများစွာ အကုန်ကျခံကာ မခေါ်ယူပဲ လူငယ်ကစားသမားလေးတွေကိုပဲ ပြုစုပျိုးထောင်သွားမယ့် အစီအစဉ်ဖြစ်ပါတယ်။ ကွန်ပနီရဲ့အစီအစဉ်ကို အစကတည်းက အန်ဒါလက်ချ်ပရိသတ်တွေ သိပ်လက်ခံခြင်းမရှိခဲ့ပဲ ရာသီအကုန်မှာလည်း အသင်းက အမှတ်ပေးဇယားအတွင်း အဆင့်(၈)နေရာနဲ့သာ ရာသီသိမ်းခဲ့တဲ့အတွက် အလုပ်မဖြစ်တဲ့ အစီအစဉ်ကို ဆောင်ရွှက်ခဲ့တဲ့ ကွန်ပနီကို အန်ဒါလက်ချ်ပရိသတ်များက မုန်းတီးလာခဲ့ကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့စနေနေ့တုန်းက လိုင်လီအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ ပရိသတ်တွေက ပိုမိုဒေါသထွက်လာခဲ့ရာ အန်ဒါလက်ချ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအနားမှာ “ကွန်ပနီအသင်းကထွက်တော့” “သောက်သုံးမကျတဲ့အစီအစဉ်” ဆိုတဲ့ စာသားတွေကို ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ယူဆောင်လာခဲ့ကြပါတယ်။ ကွန်ပနီဟာ အသက်(၁၄)နှစ်အရွှယ်ကတည်းက အန်ဒါလက်ချ်အသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့ (၆)နှစ်တာအထိ လက်တွဲခဲ့ပြီးနောက်မှာ ဟမ်းဘတ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။