ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် အန်ဒါလက်ချ်ကို တာဝန်ယူ ကိုင်တွယ်နေတဲ့ ဗင်းဆန့် ကွန်ပနီကတော့ ယခုနှစ် ဘောလုံးရာသီကမှ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတဲ့ ဘန်လေရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

အသက် ၃၆နှစ် အရွယ် ပရီးမီးယားလိဂ် ဂန္တဝင် နောက်ခံလူ ဗင်းဆန့် ကွန်ပနီက ၂၀၂၀ခုနှစ်မှ စတင်ကာ အန်ဒါလက်ချ်ရဲ့ နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ အန်ဒါလက်ချ်ရဲ့ ကစားပုံက သိသိသာသာ တိုးတက်လာသလို အရည်အချင်း ရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကိုလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

ကွန်ပနီက ၂နှစ်တာ ကာလအတွင်းမှာ အန်ဒါလက်ချ်အတွက် ၉၅ပွဲကို တာဝန်ယူ ကိုင်တွယ်ပေးခဲ့ရာ ၄၃ပွဲ အနိုင်ရခဲ့ပြီး ပွဲ၃၀ သရေကျခဲ့ကာ ၂၂ပွဲသာ ရှုံးနိမ့်ခဲ့သလို သူ့ရဲ့ အန်ဒါလက်ချ်က ၉၅ပွဲမှာ သွင်းဂိုး ၁၇၈ဂိုး အထိ ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရပြီးနောက် အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတဲ့ ဘန်လေက ကွန်ပနီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီး အချိန်တိုအတွင်း ပရီးမီးယားလိဂ်ဆီ ပြန်လည် ရောက်ရှိအောင် ကြိုးစားဖို့ စီစဉ်ထားပါတယ်။

Photo Credit: Fot Mob

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘန်လေက ကွန်ပနီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီး ဘန်လေက လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်နိုင်ဖို့ ကွန်ပနီကို အပြောင်းအရွှေ့စရိတ် ပေါင်၅၀သန်းကျော် ထုတ်ပေးဖို့ ရှိနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ကွန်ပနီဟာ အန်ဒါလက်ချ်ကနေ ထွက်ခွာဖို့ သေချာသွားကြောင်း အတည်ပြုပေးထားပါတယ်။