ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ခံစစ်မှူးဟောင်း တဦး ဖြစ်သူ ကိုလိုတိုရေးကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ ဝီဂန်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၄၁နှစ် အရွယ် အိုင်ဗရီကို့စ် ဂန္တဝင် ခံစစ်မှူး ကိုလိုတိုရေးက ကစားသမား ဘဝကနေ အနားယူပြီးနောက် နည်းပြတဦး အဖြစ် လုပ်ကိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပြီး သူဟာ လက်ရှိမှာ လက်စတာ စီးတီးရဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်နေသူပါ။

Photo Credit: Football London

တဖက်မှာတော့ အက်ဖ်အေဖလား ချန်ပီယံဟောင်း ဝီဂန်က ယခုနှစ် ဘောလုံးရာသီမှာ အတော်လေး ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်းတသင်း ဖြစ်ပြီး ဝီဂန်က ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂၁ပွဲ ကစားထားရာ ၆ပွဲနိုင် ၊ ၅ပွဲသရေ ၊ ၁၀ပွဲ ရှုံး ဆိုတဲ့ ရလဒ်ဆိုး တခုနဲ့အတူ တန်းဆင်းဇုန်ထဲကို ကျရောက်နေပါတယ်။

ဒါကြောင့်ပဲ ဝီဂန်ဘုတ်အဖွဲ့က အသင်းနည်းပြ ရစ်ချက်ဆန်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ရစ်ချက်ဆန်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြကောင်း တဦးကို ရှာဖွေခဲ့ရာမှာ ဘရန်ဒန် ရော်ဂျာနဲ့အတူ လက်စတာ စီးတီးကို အကောင်းဆုံး ကိုင်တွယ်ပြနေတဲ့ ကိုလိုတိုရေးဟာ သူတို့ရဲ့ ပစ်မှတ် နည်းပြတွေထဲက တဦး ဖြစ်ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝီဂန်က သူတို့အသင်းရဲ့ နည်းပြနေရာ အတွက် စပါးရဲ့ လူငယ်အသင်းနည်းပြ ယာယာတိုရေးကို ဦးစွာ ချဉ်းကပ်ခဲ့ပေမယ့် ယာယာတိုရေးက သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ယာယာတိုရေးနဲ့ ညီအစ်ကို တော်စပ်သူ ကိုလိုတိုရေးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ ကြိုးစားခဲ့ပြီး ကိုလိုတိုရေးကတော့ ဝီဂန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာကြောင့် မကြာခင်မှာပဲ ဝီဂန်ဟာ ကိုလိုတိုရေးကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာဖွယ် ရှိတယ်လို့ သိရပါတယ်။