အက်သလက်တီကိုအသင်းရဲ့ အသင်းခေါင်းဆောင် ကိုကီကတော့ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို မပြီးနိုင်ဘူး ဆိုရင်တော့ အက်သလက်တီကိုအသင်းသာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိသင့်ပါတယ်လို့ COPE နဲ့ Radio Marca သတင်းမှာ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်လူ ကိုကီက လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်း လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဖြုတ်ချနိုင်ခဲ့တဲ့ အတွက်ကြောင့် လက်ရှိရာသီ ချန်ပီယံလိဂ် ဖလားကို အက်သလက်တီကိုအသင်းပဲ ရရှိသင့်တယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: AS.Com

နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို ပထမ အကျော့မှာ (၁-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယ အကျော့မှာ (၃-၂) ရလဒ်နဲ့ ထပ်မံ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်ခဲ့ပါတယ်။ ကွင်းလယ်လူ ကိုကီကတော့ လက်ဝှေ့ ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံကို အနိုင်ရရှိမယ် ဆိုရင် ချန်ပီယံအသစ် ဖြစ်သွားသလို လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ရ ဖြုတ်ချခဲ့တာကြောင့် ချန်ပီယံလိဂ် ဖလားကို ရရှိသင့်ပါတယ်လို့ ပြောကြားသွားလိုက်ပါတယ်။

Photo Credit: AS.Com

COPE နဲ့ Radio Marca သတင်းမှာ ကိုကီက “ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို စကားပြောတဲ့ အချိန်မှာ ကျွန်တော်က သူ့တို့ကို ချန်ပီယံလိဂ်က အက်သလက်တီကိုအသင်းရဲ့ ဖလားပါပဲလို့ ပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပြောင်းလို့ မရဘူး။ ကျွန်တော်တို့ရဲ့ ကစားပုံ နဲ့ ကစားနည်းကို ဖယ်ထုတ်လို့ မရဘူး။ တကယ်လို့ ပြိုင်ပွဲကို ရပ်နားလိုက်ရမယ် ဆိုရင်တော့ ဒီနှစ်က ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ဖြစ်ရမှာ ဖြစ်ပါတယ်။ လက်ဝှေ့ ပြိုင်ပွဲမှာလိုပဲ ကျွန်တော်တို့အသင်းက ချန်ပီယံအသင်းကို ဖြုတ်ချပစ်နိုင်ခဲ့တယ်လေ။ အရင်ဆုံး ကျွန်တော်တို့ လာလီဂါ ပြိုင်ပွဲကို စဉ်းစားရမယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲက သြဂုတ်လ မတိုင်ခင်အထိ မကစားရသေးဘူး။ လာလီဂါကို အာရုံစိုက်ရပါမယ်”လို့ ပြောကြားသွားပါတယ်။