ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ် တပွဲ ဖြစ်တဲ့ စပိန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ပွဲစဉ်ဟာ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ စပိန်အသင်းဟာ အသင်းရဲ့ ဂိုးသမား ဆိုင်မွန်ရဲ့ လက်စွမ်းကောင်းနဲ့အတူ ဆွစ်ဇာလန်အသင်းကို အနိုင်ရခဲ့ပါတယ်။

စပိန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ဟာ မကြာခဏ ဆိုသလို ထိပ်တိုက် တွေ့ဆုံလေ့ရှိတဲ့ အသင်းတွေ ဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ တသင်းရဲ့ ကစားပုံကို တသင်းက နားလည်ထားပြီး ပွဲဟာလည်း အတော်လေး အကြိတ်အနယ် ရှိခဲ့ကာ စပိန်အသင်းကတော့ ဦးဆောင်ဂိုးကို ပွဲကစားချိန် ၈မိနစ်မှာပဲ ဆွစ်ဇာလန်အသင်းရဲ့ ကွင်းလယ်လူ ဇာကာရီယာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု ကနေ ရရှိခဲ့ပါတယ်။

Photo Credit: Marca

ဦးဆောင်ဂိုး ရရှိပြီးနောက် စပိန်အသင်းဟာ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပဲ ဒုတိယပိုင်း ပွဲကစားချိန် ၆၈မိနစ် အရောက်မှာတော့ ဆွစ်ဇာလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရှာကွီရီဟာ အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် နှစ်သင်းစလုံးဟာ အနိုင်ဂိုးတွေ ရရှိဖို့ ကြိုးစားခဲ့ကြပြီး ပွဲကစားချိန် ၇၇မိနစ် အရောက်မှာ ဆွစ်ဇာလန်အသင်းရဲ့ ကွင်းလယ်လူ ဖျူလာဟာ စပိန်တိုက်စစ်မှူး မော်ရီနိုကို အဝင်ကြမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရကာ တယောက်လျော့ပြီးနောက် စပိန်အသင်းက တရစပ် ဖိအားပေး ကစားခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းရဲ့ ဂိုးသမား ဆိုမာရဲ့ မယုံနိုင်စရာ လက်စွမ်းတွေကြောင့် ပွဲကစားချိန် ၁၂၀ မိနစ် ပြည့်တဲ့ အထိ ၁-၁ ဆိုတဲ့ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

Photo Credit: Marca

ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ဆွစ်ဇာလန်အသင်းနဲ့ စပိန်အသင်းတို့မှာ ဂိုးပေါက်လွဲချော်တဲ့ ကန်သွင်းမှု တကြိမ်ဆီ ရှိခဲ့ပြီး ဆွစ်ဇာလန်အသင်းရဲ့ ဂိုးသမား ဆိုမာဟာ စပိန်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းမှု တခုကို ကာကွယ်နိုင်ခဲ့ပေမယ့် စပိန်အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဆိုင်မွန်က ဆွစ်ဇာလန်အသင်းရဲ့ ပင်နယ်တီ ၂လုံးကို ကာကွယ်နိုင်ခဲ့တာကြောင့် အဆုံးသတ်မှာ စပိန်အသင်းဟာ ၃-၁ ဆိုတဲ့ ပင်နယ်တီ ကန်သွင်းမှု ရလဒ်နဲ့ ဆွစ်ဇာလန်အသင်းကို အနိုင်ယူနိုင်ခဲ့တာပါ။

စပိန်အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ကိုကီကတော့ အသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့သူ ဆိုင်မွန်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ကိုကီက – “သူ(ဆိုင်မွန်)က တကယ်ကို အရေးကြီးတဲ့ ကာကွယ်မှုတွေကို ပြုလုပ်ခဲ့တာပါ။ ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဟာ ကံမကောင်းမှု တခုပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သူက သူ့ရဲ့ အရည်အသွေးကို ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလက်စွမ်းကို အချိန်အကြာကြီး ထိန်းထားနိုင်ဖို့လည်း မျှော်လင့်မိပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။