အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ကိုကီ ကတော့ လူးဝစ် ဆွာရက်ဇ်ရဲ့ အက်သလက်တီကို မက်ဒရစ်အသင်းပေါ်မှာ သက်ရောက်မှုနဲ့ လီယွန်နယ် မက်ဆီ အနေနဲ့ အသက်လက်တီကို မက်ဒရစ် အိမ်ကွင်းဖြစ်တဲ့ ဝန်ဒါ မက်ထရိုပိုလီတာနို မှာ ရုန်းကန်ရနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ နိုင်ဝင်ဘာလ ၂၂ ရက်နေ့မှာ လာလီဂါ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ လူးဝစ် ဆွာရက်ဇ် ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ အတူ လာလီဂါ ၆ ပွဲကစားထားပြီး ၅ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးထားနိုင် ထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်ပြုလုပ်ထားနိုင်ပြီးတော့ ၈ ကြိမ်ဂိုးပေါက်တည့်မှန် ထားပါတယ်။

Photo Credit: Express

 

လူးဝစ်ဆွာရက်ဇ် ရဲ့ လက်ဖျားခါလောက်စရာ ခြေစွမ်းတွေကြောင့် အက်သလက်တီကို မက်ဒရစ်အသင်း အနေနဲ့ လာလီဂါ အမှတ်ပေးဇယားမှာ အဆင့်သုံးအထိ တက်လှမ်း ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇယားထိပ်က နှစ်သင်းကတော့ ရီးရဲလ်ဆိုစီဒက် နဲ့ ဗီလာရီးရဲလ် အသင်းတို့ ဖြစ်ပြီးတော့ ထိုနှစ်သင်းက အက်သလက်တီကို မက်ဒရစ်အသင်းထက် ၂ ပွဲပို ကစားထားတာလည်း ဖြစ်ပါတယ်။ အက်သလက်တီကို ကစားသမား ကိုကီကတော့ ဆွာရက်ဇ် အသင်းကို ရောက်ရှိလာတာ ကြောင့် အခြားသော ကစားသမားတွေဖြစ်တဲ့ ဂျိုအိုဖီးလစ်၊ အိန်ဂျယ်ကော်ရာ နဲ့ မားကို့စ် လောရန်တီ တို့ရဲ့ ခြေစွမ်းပါ တိုးတက်လာတယ်လို့ ဆိုလိုက်ပါတယ်။

Photo Credit: Express

မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ အက်သလက်တီကို အသင်းရဲ့ အိမ်ကွင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ရမယ့် အကြောင်းကို ကိုကီက – “ကျွန်တော်တို့ အသင်းမှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ် အသင်းမှာရှိနေတာက ဂျိုအို၊ ကော်ရာ နဲ့ လောရန်တီ တို့ အတွက် တစ်ချို့ အခြေအနေတွေမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ပါတယ်။ သူက ကျွန်တော်တို့ အသင်းနဲ့ ကိုက်ညီမှု ရှိပါတယ်။ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့က ထိပ်တန်း တိုက်စစ်မှူးတွေပါ။ ဒါပေမယ့် ဂရစ်ဇ်မန်းဟာ ကျွန်တော်တို့အသင်းနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ပြည့်တောင် မကစားခဲ့ ရပါဘူး။ မက်ဆီလည်း ကျွန်တော်တို့နဲ့ တွေ့ရင် ခြေစွမ်းပြနိုင်မယ် မထင်ပါဘူး” လို့ ပြောကြား သွားခဲ့ပါတယ်။