စပိန် လာလီဂါ ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ် ကစားသမားဖြစ်သူ အန်တိုနီရို ဂရစ်ဇ်မန်း အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ ပြန်ရရှိဖို့အတွက် သွင်းဂိုးတွေ သွင်းဂိုးဖို့ လိုအပ်နေတယ်လို့ အသင်းရဲ့ နည်းပြ ဖြစ်သူ ရော်နယ် ကိုးမန်းက အကြံပြု ပြောဆိုလိုက်ပါတယ်။ နည်းပြ ရော်နယ် ကိုးမန်းက ဂရစ်ဇ်မန်း ရဲ့ ကျဆင်းနေတဲ့ ဒီရာသီ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့တာ ဖြစ်ပြီးတော့ သွင်းဂိုးတွေကသာ ဘာစီလိုနာ တိုက်စစ်မှူး ဂရစ်ဇ်မန်းအတွက် ယုံကြည်မှုကို မြှင့်‌တင်ပေးနိုင်မယ့် အကောင်းဆုံး ဆေးတစ်လက် လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit: SportBible

အန်တိုနီရို ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်း အတွက် နောက်ဆုံး သွင်းယူပေးခဲ့တဲ့ သွင်းဂိုးက လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ကစားခဲ့တဲ့ ဖာရန်ဗားရိုးစ် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖြစ်ပြီးတော့ အဲ့ဒီနောက်ပိုင်း ဂရစ်ဇ်မန်း အနေနဲ့ ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရစ်ဇ်မန်း အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် နဲ့ လာလီဂါ အပါအဝင်ပွဲစဥ်ပေါင်း ၂၁ ပွဲပါဝင် ကစားခွင့်ရရှိထားခဲ့ပေမယ့်လည်း သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပြီးတော့ ဂိုးဖန်တီးမှုမှာလည်း ၃ ကြိမ်သာ ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။ စနေနေ့မှာ ကစားမယ့် ဂရန်နာဒါ အသင်း နဲ့ ပွဲစဉ်ဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်း အတွက် သွင်းဂိုးတွေ ပြန်ရှာဖွေနိုင်ပြီး ယုံကြည်မှု ပြန်တည်ဆောက်နိုင်မယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဂရစ်ဇ်မန်း အနေနဲ့ ဂရန်နာဒါ အသင်းနဲ့ နောက်ဆုံးရင်ဆိုင်ကစားခဲ့တဲ့ လာလီဂါ ငါးပွဲမှာ သုံးဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် ထားနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Photo Credit: SportBible

ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်း ကတော့ ဂရစ်ဇ်မန်း အနေနဲ့ သွင်းဂိုး‌တွေပြန်လည်ရရှိဖို့အတွက် ကြိုးစားနေကြောင်းနဲ့ သွင်းဂိုးတွေကသာ ဂရစ်ဇ်မန်း အတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ် ကြောင်း အခုလိုပဲ ပြောခဲ့ပါတယ်။ “ ဘယ်ကစားသမားမဆို မိမိကိုယ်ကို‌‌ကော၊ သူ့ရဲ့ အသင်းဖော်တွေအ‌ပေါ်ကို‌ ကောနဲ့ သူကစားနေတဲ့ အသင်းအပေါ်ကိုကော ယုံကြည်နေဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုယုံကြည်ဖို့ဆိုတာ ကစားသမားကိုယ်တိုင်နဲ့ သက်ဆိုင်ပါတယ်။ နည်းပြ တစ်ယောက် အနေနဲ့ ကျွန်တော် သူ့ကို တိုးတက်လာဖို့အတွက် အလားအလာကောင်းတဲ့ အရာတွေပြသ‌ပေးပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာကျတော့ ကစားသမားကိုယ်တိုင်ကပဲ သူ့ရဲ့ အရည်အချင်းတွေ ပြသပြီး အသင်းအပေါ်မှာ ထိရောက်မှု ရှိတယ်ဆိုတာကို ပြသရတာပါ။ ဒါက အန်တိုနီရို မကြိုးစားတာကြောင့် မဟုတ်ပါဘူး၊ သူ ဘယ်နေရာမှာ မဆို အကောင်းဆုံး ကြိုးစား ကစားပါတယ်။ တစ်နေ့က ဆိုရင် သူဘောလုံးပိုင်ဆိုင်မှု အများကြီးရခဲ့ပြီးတော့ လီယို ကိုတောင် တစ်ကြိမ်ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူဂိုးတွေ သွင်းဖို့ လိုအပ်နေပါပြီ၊ ဘာလို့လဲဆိုရင် သွင်းဂိုးတွေ သွင်းနိုင်တာကသာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အပြည့်ရစေတဲ့ ဆေးတစ်လက်မို့ပါ ” လို့ ပြောဆိုခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ သူ ရရှိခဲ့တဲ့ အခွင့်အရေးကြီးကြီးမားမားတွေကနေ သွင်းဂိုး အဖြစ် ၂၂.၂ ရာခိုင်နှုန်းလောက်သာ ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ ၂၀၁၂-၁၃ ဘောလုံးရာသီပြီးတဲ့နောက် အနိမ့်ဆုံး ပမာဏလည်း ဖြစ်လာခဲ့ပါတယ်။