စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာ ကတော့ လတ်တလောမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရတာကြောင့် အနာဂတ် မရေမရာ ဖြစ်နေတဲ့ အသင်းရဲ့နည်းပြ ကိုးမန်းဟာ သူ့ရဲ့ နည်းပြရာထူးမှာသာ ဆက်လက် ရှိနေမှာဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ နယ်သာလန်နည်းပြ ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကိုင်တွယ်လာသူ တဦး ဖြစ်ပြီး အသင်းနဲ့ ကိုပါဒယ်ရေးဖလား တလုံးကို ရယူထားနိုင်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ကိုးမန်းရဲ့ လက်ထက်မှာ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆွာရက်ဇ် ၊ မက်ဆီ ၊ ဂရစ်ဇ်မန်း စတဲ့ ကစားသမားတွေကို အလကားနီးနီး ဈေးတွေနဲ့ လက်လွှတ်ခဲ့ရသလို အသင်းရဲ့ မူလ ကစားဟန် ဖြစ်တဲ့ တီကီတာကာ ကစားဟန်လည်း ပျောက်ဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၉ပွဲ ကစားထားရာ နိုင်ပွဲ ၃ပွဲသာ ရရှိထားပြီး ၃ပွဲ သရေကျကာ ၃ပွဲ ရှုံးနိမ့်ထားတာကြောင့် ပြည်တွင်းလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ရပ်တည်မှု နိမ့်ကျနေကာ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေ ကတော့ ကိုးမန်းကို ရာထူးကနေ အလျင်အမြန် ထုတ်ပယ်ဖို့ တောင်းဆိုနေကြပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့နဲ့ ဥက္ကဌ လာပေါ်တာတို့ကလည်း ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်ခဲ့ကြပြီး ကိုးမန်းရဲ့နေရာကို အစားဝင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ဆိုးဝါးလှတဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ ကစားသမားအင်အား မတောင့်တင်းမှုတို့ကြောင့် ကိုးမန်းရဲ့နေရာကို အစားဝင်မယ့် နည်းပြကို မရှာဖွေနိုင်ခဲ့တာကြောင့် ကိုးမန်းဟာ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးသည် အထိ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ ကိုးမန်း ဆက်ရှိနေမယ့် အကြောင်းကို လာပေါ်တာက – “ ကျွန်တော်က ကိုးမန်းနဲ့ နှစ်ဦးထဲ တွေ့ဆုံပြီး စကားပြောခဲ့ပါတယ်။ ပြီးတော့ ကိုးမန်းကို ရာထူးကနေ မထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုးမန်းက ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးသူ တဦးပါ။ ပြီးတော့ သူက အသင်းကို ယုံကြည်ပါတယ်။ သူ့အနေနဲ့ အခုလို ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်နဲ့ သူ့ရဲ့ ဆက်ဆံရေးက ကောင်းမွန်ပါတယ်။ ပရိသတ်တွေ အနေနဲ့ သူ့ကို ဆက်လက် အားပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။