စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်း ကတော့ ယနေ့ည ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ၈-၂ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွက် ရှုံးကြွေးပြန်ဆပ်ဖို့ အဆင်သင့်ပဲ လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ နောက်ဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ် ဘောလုံးရာသီ တွေ့ဆုံမှုမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို အဖက်ဖက်မှ အသာစီး ရယူကာ ကစားသွားခဲ့ပြီး ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး ရှုံးပွဲတွေထဲက တပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး အဆိုပါရှုံးပွဲကြောင့်ပဲ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား မက်ဆီကို ဆုံးရှုံးရလုနီးပါး အထိ ဖြစ်ခဲ့ပါတယ်။

ယနေ့ညမှာတော့ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း နူးကမ့်မှာ လက်ခံ ကစားရဖို့ ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ နည်းပြ ကိုးမန်းကတော့ သူတို့အသင်းဟာ သမိုင်းဝင်ရှုံးပွဲ အတွက် ဘိုင်ယန်မြူးနစ် အသင်းကို လက်စားချေ တုံံ့ပြန်ဖို့ အဆင်သင့်ပဲလို့ ဆိုလိုက်ပါတယ်။

Photo Credit: Marca

ကိုးမန်းက – “မနက်ဖြန်မှာတော့ ကျွန်တော်တို့က ဒီရာသီရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကို စတင် ကစားရတော့မှာပါ။ ပြီးတော့ ကျွန်တော်တို့အသင်းက အများကြီး ပြောင်းလဲသွားပါပြီ။ ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ မပါဝင်ပေမယ့် ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ အတုယူရမယ်။ ဘိုင်ယန်မြူးနစ်အသင်းက တဦးချင်း အရည်အသွေး ပြည့်ဝသလို ကစားသမားတွေရဲ့ အတွေ့အကြုံ ရင့်ကျက်မှုတွေကြောင့် အသင်းကောင်း တသင်း ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကြိုးစား ယှဉ်ပြိုင်သွားချင်ပြီး ဒီနေ့ညမှာတော့ အိမ်ကွင်းမှာ ကစားရမှာပါ။ ကျွန်တော်တို့တွေက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားသွားပါမယ်။ ၈-၂နဲ့ ရှုံးခဲ့တာ တနှစ်ကျော်သွားပေမယ့် ကစားသမားတွေ ၊ အသင်းဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ခံစားမှုတွေ ရှိနေဆဲပါပဲ။ အခုတော့ ကျွန်တော်တို့မှာ လက်စားချေဖို့ အခွင့်အရေး ရလာပါပြီ။ ကျွန်တော်တို့က သူတို့ကို နာကျင်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့တွေက ကိုယ်ပိုင်စတိုင် တခုနဲ့ သူတို့ကို အနိုင်ယူဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားခဲ့တာပါ။