ဘာစီလိုနာအသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းက သူအသင်းစကိုင်တွယ်ပြီးနောက် သိပ်မကြာခင်လေးမှာပဲ အသင်းကနေ ထွက်ခွာခဲ့ပြီး ဘာစီရဲ့လာလီဂါပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်နဲ့ပတ်သက်လို့ သူကိုယ်တိုင်က ဆွာရက်ဇ်ကို ဘာစီလိုနာမှာပဲ ဆက်လက်ရှိနေစေချင်ခဲ့တာဖြစ်ပြီး အသင်းမှာဆက်ရှိနေရင်းနဲ့ သူတစ်ခုခု လုပ်ပြနိုင်သေးတယ်ဆိုတာကို သက်သေပြနိုင်ခဲ့သင့်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးတိုက်စစ်ကစားသမားဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ (၆)နှစ်တာအထိ ပါဝင်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပြင် လာလီဂါဖလား(၄)လုံးနဲ့ အခြားသောဆုဖလားတွေများစွာကို ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းကို ကိုးမန်းရောက်လာပြီးနောက် သူရဲ့အနာဂတ်အခြေအနေတွေကို ယိမ်းယိုင်လာခဲ့ကာ နောက်ဆုံးမှာတော့ ဘာစီနဲ့လမ်းခွဲပြီး ပြိုင်ဘက်အသက်လက်တီကိုအသင်းဆီ ရောက်ရှိသွားခဲ့ရပါတယ်။ ဆွာရက်ဇ်နဲ့ပတ်သက်ပြီး ကိုးမန်းက “ဆွာရက်ဇ်ရဲ့ကိစ္စမှာဆိုရင်တော့ ပွဲထွက်ကစားခွင့်ရဖို့က သူ့အတွက် အရမ်းကို ခက်ခဲလာခဲ့ပါတယ်။ ဒါကိုလည်း သူသိအောင် ကျွန်တော်ပြောခဲ့ပါသေးတယ်”

Photo Credit : Daily Mail

“သူလည်း ဒါကိုခက်ခဲမယ်ဆိုတာ သိခဲ့တယ်။ ဒါပေမယ့် သူနဲ့ကျွန်တော်တို့ကြားမှာတော့ ဘာပြသာနာမှ ရှိမနေခဲ့ဘူး။ သူ ပုံမှန်အတိုင်း လေ့ကျင့်ခန်းတွေ ကောင်းကောင်းဆင်းနိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူက အသင်းနဲ့လမ်းခွဲဖို့ကို ဆုံးဖြတ်လာခဲ့လို့ သူ့ကို ကျွန်တော်ပြောခဲ့သေးတယ်။ မင်းဘာအကြောင်းပြချက်တွေပဲဖြစ်ဖြစ် မင်းအသင်းနဲ့ လမ်းမခွဲဘူးဆိုရင် မင်းက ဒီအသင်းသားအဖြစ် ဆက်လက်ရှိနေမယ်ဆိုရင် ငါမှားနေတယ်ဆိုတာကို မင်းသက်သေပြခွင့်ရှိမယ်။ သူအသင်းမှာ ဆက်နေမယ်ဆို ဆက်နေနိုင်ခွင့် ရှိခဲ့ပါတယ်။ ကျွန်တော်က ဆွာရက်ဇ်နဲ့လည်း အဆင်ပြေပြီးသားပါ။ ဒါပေမယ့် ကလပ်အသင်းကို နုပျိုတဲ့ ကစားသမားတွေနဲ့ တည်ဆောက်မှဖြစ်မယ့်ဆိုတဲ့ အတွေးက ဝင်လာတယ်။ အခုလည်း ကျွန်တော်တို့အသင်းကို အန်ဆုဖာတီ ဆာဂျီနိုဒက်စ် ပီဒရီတို့လို လူငယ်လေးတွေနဲ့ အားဖြည့်ထားခဲ့တယ်လေ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ သူရဲ့အသက်လက်တီကိုကစားသမားဘဝ ပထမဆုံးပွဲစဉ်မှာတော့ အသင်းအတွက် လူစားဝင်ကစားခဲ့ရပေမယ့် သွင်းဂိုး(၂)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး နောက်ပိုင်းပွဲတွေမှာတော့ ဂိုးပေါက်ပျောက်လျက်ရှိနေပါတယ်။ ဘာစီလိုနာအသင်းကတော့ ဆွာရက်ဇ်နေရာအတွက် လိုင်ယွန်တိုက်စစ်မှူး မန်ဖစ်ဒီပိုင်းကို လာမယ့်ဆောင်းရာသီစျေးကွက်မှာ အရခေါ်ယူဖို့ ပြင်ဆင်လို့နေပါတယ်။