စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ကာဒစ်ဇ်အသင်းကို သရေကျခဲ့တာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့်သာ ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့ပါတယ်။

ကာဒစ်ဇ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ ကစားပုံဟာ ပုံမှန်အောက်ကို ရောက်ရှိနေပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၊ ဂိုးပေါက်တည့်မှု စတဲ့ ဂိုးရရှိနိုင်တဲ့ အဓိကအချက်တွေမှာတော့ ကာဒစ်ဇ်အသင်းက ဘာစီလိုနာအသင်းကို အသာစီး ရခဲ့ပါတယ်။

Photo Credit: Express

ဒါဟာ ဘာစီလိုနာလို ထိပ်တန်း အသင်းကြီးတသင်း အတွက် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကစားပုံမျိုး ဖြစ်ပြီး အသင်းရဲ့ ပရိသတ်တွေကလည်း နည်းပြကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလာကြကာ ကိုးမန်းကလည်း ကာဒစ်ဇ်အသင်းနဲ့ ပွဲစဉ်မှာ စတုတ္ထဒိုင်ကို စောဒကတက်ခဲ့တာကြောင့် ကွင်းအတွင်း ကနေ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

ပွဲအပြီးမှာတော့ ကိုးမန်းက စပိန်လာလီဂါရဲ့ ဒိုင်လူကြီးတွေဟာ အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ အနီကတ်ပြ ထုတ်ပယ်တတ်ကြောင်းကို သူ့ရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကိုးမန်းက ဒီဂျောင်ကို ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီးလည်း ဝေဖန်ခဲ့ပါသေးတယ်။

Photo Credit: Express

ကိုးမန်းက – “ကျွန်တော်က စိတ်လှုပ်ရှားပြီး ခပ်ကြမ်းကြမ်း တုန့်ပြန်မိလို့ ထုတ်ပယ်ခံရတာ မဟုတ်ပါဘူး။ ကျွန်တော်က ကွင်းထဲမှာ ဘောလုံးနှစ်လုံး ဖြစ်နေတယ်လို့ စတုတ္ထဒိုင်ကို ပြောမိလို့ ထုတ်ပယ်ခံရတာပါ။ ကွင်းထဲမှာ ဘောလုံးနှစ်လုံး ဖြစ်နေတာကို ကွင်းလယ်ဒိုင်ကလွဲပြီး ကျန်တဲ့လူတိုင်း မြင်ကြပါတယ်။ သူတို့က ခင်ဗျားကို အကြောင်းပြချက် မရှိပဲ ထုတ်ပယ်တတ်ပါတယ်။ ဒီနိုင်ငံထဲမှာ ကွင်းလယ်ဒိုင်တွေက အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ ကစားသမားတွေကို ထုတ်ပယ်တတ်ပါတယ်။ (ဒီဂျောင်ကိစ္စအား ရည်ရွယ်၍ ပြောခြင်း) ကျွန်တော်က စတုတ္ထဒိုင်ကို ပုံမှန်အတိုင်းပဲ မေးခဲ့တာပါ။ ကျွန်တော့်ရဲ့ ပုံစံကြောင့် သူတို့က ထုတ်ပယ်ခဲ့တာလား။ ကျွန်တော် ဆက်မတွေးချင်တော့ပါဘူး။ ဒီသရေပွဲက ကျွန်တော့်ကြောင့် ဖြစ်ခဲ့တာ မဟုတ်မှန်းတော့ သိပါတယ်” လို့ ပြောကြားခဲ့တာပါ။