ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ဒုတိယမြောက် ပွဲစဉ်ဖြစ်တဲ့ ဘင်ဖီကာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ အိမ်ရှင်ဘင်ဖီကာက ထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာကို (၃)ဂိုးပြတ်နဲ့ကို အနိုင်ယူခဲ့တာကြောင့် ဘာစီလို်နာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အဆိုးရွှားဆုံးသော အခြေအနေ ဖြစ်နေရပြီး (၂)ပွဲကစားအပြီး (၂)ပွဲလုံးရှုံးထားသလို သွင်းဂိုးမရှိသေးပဲ ပေးဂိုးက (၆)ဂိုးအထိကို ရှိနေရတာမို့ ဒီပွဲအပြီးမှာပဲ နည်းပြကိုးမန်းရဲ့ အနာဂတ်က အတော်လေးကို လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : 90Min

ဒီလို ကိုယ့်အသင်းနဲ့ အဆင့်တစ်ခုလောက် နိမ့်ပါးလို့နေတဲ့ အသင်းမျိုးကိုမှ မရူမလှ အရေးနိမ့်ခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းဘက်က ရော်နယ်ကိုးမန်းကို နည်းပြရာထူးကနေ ချက်ချင်းထုတ်ပယ်သွားတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ဆွေးနွေးမှုအပြီးမှာတော့ ကိုးမန်းကို အလျင်စလို ထုတ်ပယ်တာထက် ဒီနေ့ညမှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် လာလီဂါပွဲစဉ်အပြီးလောက်မှသာ (ကလပ်အသင်းတွေပွဲတွေ ခဏရပ်နားပြီး International Break ဝင်ရောက်နေစဉ်အတွင်း) ကိုးမန်းရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချသွားဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာတော့ ကိုးမန်းကို နည်းပြရာထူးကနေ ထုတ်ပယ်သွားမှာက သေချာသလောက် ရှိနေတဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် ဂျုဗင်တပ်စ်နည်းပြဟောင်း ပီယာလိုနဲ့ ကစားသမားဟောင်း ဇာဗီတို့ကို ချိန်ရွှယ်လို့ထားပြီး ဒီအချိန်မှာ ဘယ်နည်းပြကို ခန့်အပ်သွားမလဲဆိုတာကလည်း မှန်းရခက်နေပါတယ်။ ဘာစီလိုနာအသင်း ပရိသတ်တွေကတော့ အသင်းကို လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်လာနိုင်စေဖို့အတွက် ကိုးမန်းကို နည်းပြရာထူးကနေ ထုတ်ပယ်စေချင်နေပြီး ပရိသတ်အများစုကတော့ ကာတာမှာ အောင်မြင်မှုတွေ ရယူနေတဲ့ ကစားသမားဟောင်း ဇာဗီ(လက်ရှိမှာ နည်းပြတစ်ဦးဖြစ်နေသူး)ကိုသာ ကိုးမန်းနေရာကို အစားထိုး ဝင်ရောက်စေချင်နေပါတယ်။