စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်း ကတော့ ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရခဲ့ပေမယ့် အဆိုပါပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် အန်ဆုဖာတီ အပေါ် စိတ်ရှည်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲ ၂ပွဲစလုံးကို အရေးနိမ့်ထားတဲ့ ဘာစီလိုနာအသင်းဟာ အုပ်စု တတိယပွဲစဉ် အဖြစ် ဒိုင်နမိုကိဗ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရချိန်မှာတော့ အနိုင်ရရှိဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး အသင်းရဲ့ အဓိက နောက်ခံလူ ပီကေးရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ အဆိုပါပွဲစဉ်မှာ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ အများအပြား ရခဲ့ပေမယ့် ပီကေးရဲ့ တလုံးထဲနဲ့သာ ပွဲကို ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ပရိသတ် တချို့ကတော့ အပိုင် ဂိုးသွင်းခွင့်တွေ ရတိုင်း အခြားသူကို ဖန်တီးပေးဖို့ထက် ကိုယ်တိုင် ဂိုးသွင်းယူဖို့သာ ကြိုးစားခဲ့တဲ့ အန်ဆုဖာတီကို အပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်း ကတော့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အန်ဆုဖာတီကို ကာကွယ်ပေးသွားခဲ့ပြီး ဖာတီဟာ မက်ဆီရဲ့ ကျောနံပါတ်ကို ဆက်ခံထားသူ ဖြစ်ပေမယ့် မက်ဆီရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မဖြစ်နိုင်သေးကြောင်းနဲ့ ဖာတီအပေါ် စိတ်ရှည်ဖို့ လိုအပ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ကိုးမန်းက – “ ဖာတီက ဒီနေ့ပွဲမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် ကောင်းမွန်စွာ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ သူ့မှာ တိုးတက်ဖို့ လိုအပ်တဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒါကလည်း ပုံမှန် အခြေအနေ တခုပါ။ သူဟာ လာမယ့်လကုန်မှ အသက် ၁၉နှစ် ပြည့်မယ့် ချာတိတ်လေးပဲ ရှိပါသေးတယ်။ သူက ကျွန်တော်တို့ရဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်မယ့် ကစားသမား တဦး မဟုတ်သေးပါဘူး။ ပြီးတော့ မက်ဆီရဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်စွမ်းလည်း မရှိသေးပါဘူး။ သူ့အနေနဲ့ အခုချိန်မှာ မက်ဆီလို စွမ်းဆောင်ပြဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။