ပြီးခဲ့တဲ့ စက်တင်ဘာဂ(၂)ရက်နေ့ကပဲ ဘာစီလိုနာအသင်းကနေ တူရကီ နာမည်ကျော်ကလပ် ဘက်ရှီးတက်စ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရတဲ့ ဘော့စနီးယား ကွင်းလယ်ကစားသမား ပီယာနစ်က ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းရဲ့ သူ့အပေါ် ဆက်ဆံမှုတွေကို သဘောမကျမိကြောင်းနဲ့ သူ့ကိုလည်း လေးစားမှုမထားကြောင်း အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှကို ပြောဆိုခြင်းမရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Blaze Trends

အသက်(၃၁)နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ ပြီးခဲ့တဲ့နှစ် နွေစျေးကွက်အတွင်းကမှ ဂျုဗင်တပ်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း တစ်ရာသီအတွင်း ပွဲပေါင်း(၃၀)မှာ ပွဲတော်တော်များများကို အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရသလို အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ပီယာနစ်ကို ဘာစီလိုနာအသင်းကနေ ဘက်ရှီးတက်စ်အသင်းဆီ တစ်ရာသီအငှားနဲ့ အငှားချလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Today in 24 English

စပိန်မြေမှာ တစ်ရာသီသာ ကျင်လည်ခဲ့ရပြီး ဘက်ရှီးတက်စ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး ပီယာနစ်က “ကိုးမန်းက ကျွန်တော့်ကို လေးစားမှု မရှိပါဘူး။ သူက ကျွန်တော့်ကို လုံးဝ စကားမပြောဆိုဘူး။ ကျွန်တော်က အရာအားလုံးကို လက်ခံနိုင်တတ်တဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုပေမယ့် ကျွန်တော့်ကို ရှင်းပြဖို့တော့ အမြဲလိုလားတဲ့သူပါ။ ကျွန်တော်ရဲ့လစာကို လျှော့ယူပြီး ဘက်ရှီးတက်စ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာက ကျွန်တော်အနေနဲ့ ဘောလုံးဆက်ကစားနေရတာကို ပျော်ရွှင်လို့ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ စျေးကွက်အတွင်းမှာ မက်ဆီလို အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးကို လက်လွတ်ထားရသလို ဂရီးဇ်မန်း အီမာဆန် ဖာလ်ပို တိုဒီဘို အယ်လီနာတို့ကိုပါ အသင်းကနေ လက်လွတ်ထားခဲ့ပါတယ်။ ဒါ့အပြင် နွေစျေးကွက်အတွင်းမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို လာလီဂါမှာ စာရင်းသွင်းနိုင်ဖို့အတွက်လည်း အသင်းရဲ့ စီနီယာ ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ ပီကေး အယ်ဘာ ဘူးစကတ်စ်တို့က သူတို့ရဲ့ လုပ်ခလစာကို လျှော့ယူပေးခဲ့လို့သာ အဂွဲရိုး ဂါစီယာနဲ့ ဒီပိုင်းတို့ကို လာလီဂါမှာ အချိန်မီ စာရင်းသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။