ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက မနေ့ညက အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)အတွင်းမှာ အိမ်ရှင်ဂျုဗင်တပ်စ်အသင်းကို ဒမ်ဘီလီ မက်ဆီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပေမယ့်လည်း သူ့အသင်းက ပွဲကိုဒီထက်မက ပိုမိုပြတ်သားတဲ့ ရလဒ်တစ်ခုကို ယူဆောင်နိုင်ဖို့ အခွင့်အရေးများစွာ ရရှိခဲ့တာကို အကောင်းဆုံးအသုံးမချနိုင်ခဲ့လို့သာ (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ကိုပဲ ရရှိလိုက်ရတာဖြစ်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘာစီလိုနာအသင်းဟာ ပွဲအစပိုင်းလောက်မှာ ဒမ်ဘီလီရဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှ ရရှိခဲ့တဲ့ ပင်နယ်တီကနေလည်း အသင်းခေါင်းဆောင်မက်ဆီက ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက တဖက်သတ်နီးပါးကို ဖိအားပေးကစားနိုင်ခဲ့ပြီး အိမ်ရှင်အသင်းထက်လည်း ဂိုးကန်သွင်းခွင့်တွေ (၂)ဆနီးပါးလောက်အထိကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲရဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့ ဘာစီလိုနာအသင်းနည်းပြကိုးမန်းက “ကျွန်တော်တို့တွေ ဒီပွဲကို အပြတ်အသတ်နဲ့ အနိုင်ယူခဲ့ပေမယ့် ဂိုးပြတ်အနိုင်မရခဲ့ပါဘူး။ အသင်းက တကယ့်ကို ရှင်းရှင်းလင်းလင်း အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပါတယ်”

Photo Credit : Marca

“ဒါပေမယ့် အန်ထရန်ဂရီးဇ်မန်းက ကံဆိုးနေခဲ့တယ်။ သူရဲ့ကန်ချက်တွေက ဂိုးရနိုင်လောက်တဲ့အထိ ကောင်းမွန်မှု သိပ်မရှိခဲ့ဘူး။ ပွဲတစ်ပွဲမှာ အခွင့်အရေးတွေများစွာ ဖန်တီးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ပိုသာလွန်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ဆိုတော့ ဒီရလဒ်က မျှတတဲ့ရလဒ်လို့ပဲ သတ်မှတ်ရမှာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုပွဲမတိုင်ခင် တစ်ရက်အလိုမှာပဲ သူတို့အသင်းရဲ့ဗီလိန်လိုဖြစ်နေရတဲ့ အသင်းဥက္ကဌဖြစ်တဲ့ ဘာတိုမြူနဲ့ လမ်းခွဲခဲ့ပြီး အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေကလည်း နုတ်ထွက်ခဲ့ကြတဲ့အပေါ်မှာလည်း ကိုးမန်းက “ကျွန်တော်ကတော့ ကျွန်တော်တို့တွေအနေနဲ့ အားကစားနဲ့ဆိုင်တဲ့ဘက်အခြမ်းကနေပဲ တွေးတောမိသင့်တယ်လို့ ထင်မြင်မိပါတယ်။ ဒီပွဲမှာလည်း ကျွန်တော်တို့က အကောင်းဆုံးစွမ်းဆောင်နိုင်ပြီးတော့ ဒီကိစ္စတွေကလည်း လုံးဝသက်ရောက်လာခြင်း မရှိခဲ့ဘူး။ နောက်ပြီး ကျွန်တော့်ကိုလည်း စိတ်မပူပင်စေပါဘူး။ ကျွန်တော်တို့ရဲ့ ခွန်အားတွေကို ပွဲအတွင်းမှာ အင်ပြည့်အားပြည့် သုံးစွဲနိုင်ခဲ့တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အခုလို ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်ကို အနိုင်ရလိုက်တဲ့ ဘာစီလိုနာအသင်းကတော့ အုပ်စု(G)မှာ (၂)ပွဲကစား (၂)ပွဲလုံးနိုင်ကာ တိုက်စစ်ကလည်း (၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့လို့ အုပ်စုဗိုလ်နေရာနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး ရော်နယ်ဒိုမပါနိုင်သေးတဲ့ ဂျုဗင်တပ်စ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲမှာ (၁)ပွဲလေးပဲ အနိုင်ရထားခဲ့ပါတယ်။