စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း မရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ်အသင်းတို့နဲ့ အုပ်စုEထဲမှာ ကျရောက်နေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို မယှဉ်နိုင်ရင်တောင် အုပ်စု ဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်လှမ်းလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

Photo Credit: Marca

ဒါပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂ပွဲကစား ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ ရဂိုး မရှိသေးပဲ ပေးဂိုး ၆ဂိုးနဲ့အတူ အုပ်စုရဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ရှုံးနိမ့်ခဲ့တဲ့ ၂ပွဲစလုံးမှာ ဂိုးပေါက်တည့် ကန်ချက် တကြိမ်မှ ပြုလုပ်ထားနိုင်ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေက နည်းပြကိုးမန်းကို ရာထူးကနေ ချက်ချင်း ထုတ်ပစ်ဖို့ တောင်းဆိုနေကြပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့တွေကလည်း ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို အပူတပြင်း ရှာဖွေနေပါတယ်။ ဘင်ဖီကာအသင်းနဲ့ ပွဲအပြီးမှာတော့ ကိုးမန်းက သူဟာ အသင်းရဲ့ ပြဿနာ မဟုတ်ကြောင်းနဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

ကိုးမန်းက – “တကယ်လို့ အသင်းတွင်းက လူတွေကသာ (ဘုတ်အဖွဲ့) ဘာစီလိုနာအသင်းရဲ့ တကယ့် ပြဿနာကို မမြင်နိုင်ဘူး ဆိုရင် ကျွန်တော့်ကို ပြဿနာလို့ ထင်နေပါလိမ့်မယ်။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ကျွန်တော်တို့တွေ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်စွမ်း မရှိပါဘူး” လို့ ဝန်ခံသွားခဲ့တာပါ။