စပိန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရော်နယ် ကိုးမန်းကတော့ လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကြိုးစားနေပြီး လက်ရှိမှာတော့ အသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်လေး အန်ဆုဖာတီကို ပိုမို နေရာပေးဖို့ စဉ်းစားထားကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ရောက်ရှိပြီးတဲ့ နောက်မှာ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေထဲက သူ့ရဲ့ အနာဂတ် စီမံကိန်းထဲမှာ မပါဝင်တော့တဲ့ ကစားသမားတွေကို ဆက်သွယ်ကာ အသင်းကနေ ထွက်ခွာလိုပါက ထွက်ခွာနိုင်တယ် လို့ အသိပေးခဲ့​ပြီး ကိုးမန်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ကစားသမားတွေ ကတော့ ဆွာရက်ဇ် ၊ အမ်တီတီနဲ့ ဗီဒယ်တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံရပြီးပြီးချင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ကို ဖုန်းခေါ်ဆိုကာ အသင်းကနေ ထွက်ခွာနိုင်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့တယ် လို့ ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြား ထားပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေ ကတော့ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဘာစီလိုနာအသင်း အနေနဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ဝယ်ယူနိုင်ဖို့ အဆင်မပြေနိုင်တဲ့ အနေအထား ကြောင့် ဆွာရက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တဲ့ ကိုးမန်းရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်နေကြပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ကိုးမန်းဟာ ဆွာရက်ဇ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား တစ်ဦးအား ဘာစီလိုနာအသင်းမှာ ရှာတွေ့ထားတယ် လို့ သိရပါတယ်။

 

Photo Credit: Marca

ဆွာရက်ဇ်ရဲ့ နေရာမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်မယ် လို့ ကိုးမန်း ယုံကြည်ထားတဲ့ ကစားသမား ကတော့ အသင်းရဲ့ တက်သစ်စ ကြယ်ပွင့် ကစားသမားလေး အန်ဆုဖာတီပဲ ဖြစ်ပါတယ်။ လတ်တလောမှာ စပိန်လက်ရွေးစင် အသင်းအတွက် ပါ​ဝင် ကစားပေးခွင့် ရရှိထားတဲ့ အန်ဆုဖာတီ ဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ် လာတဲ့ ကစားသမား ဖြစ်ပြီး ကွင်းလယ်တိုက်စစ် နေရာမှာ ကစားသူ တစ်ဦး ဖြစ်ပေမယ့် ကိုးမန်း ကတော့ ဖာတီကို နံပါတ်၉ ကစားသမား အဖြစ် အသုံးသွားဖို့ စဉ်းစားနေပါတယ်။ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ကိုးမန်းဟာ ဖာတီအနေနဲ့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မက်ဆီလို သွင်းဂိုးတွေ သွင်းယူနိုင်လိမ့်မယ် လို့ ယုံကြည်ထားပြီး လာမယ့် ဘောလုံးရာသီမှာ မက်ဆီ ၊ ဂရစ်ဇ်မန်း နဲ့ ဖာတီတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို အဓိက သုံးစွဲ သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။