စပိန်လာလီဂါ အင်အာကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်း ကတော့ သူဟာ အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် မရှိမဖြစ် ကစားသမားလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို စာချုပ်သစ် မချုပ်ဆိုနိုင်မှာကို စိုးရိမ်နေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ထဲက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကစားသမား ဖြစ်ပြီး ပုံမှန်ဆိုရင် စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ ကစားသမားတိုင်းဟာ အသင်းသစ်ကို ရှာဖွေကြပေမယ့် မက်ဆီ ကတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ဆက်တိုက် ပြုလုပ်နေပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လက်ရှိအချိန်အထိ နီးစပ်မှု မရှိသေးပဲ နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရယူထားနိုင်ပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ခက်ခဲနေပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အသင်းမှာ ရှိတဲ့ လုပ်ခလစာမြင့် ကစားသမား တချို့ကို ရှင်းထုတ်ဖို့ ကြိုးစားနေပြီး ပီယာနစ်နဲ့ အမ်တီတီတို့ကို စာချုပ် ဖျက်သိမ်းဖို့ ကမ်းလှမ်းထားသလို ဂရစ်ဇ်မန်း ၊ ဒမ်ဘီလီ စတဲ့ ကစားသမားတွေကိုလည်း အရောင်းစာရင်း တင်ထားပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာအသင်းမှာ ရှိနေတဲ့ ကစားသမား အများစုဟာ ပုံမှန် ခြေစွမ်းကောင်း ပျောက်ဆုံးနေတဲ့ ကစားသမားတွေ ဖြစ်သလို ဂရစ်ဇ်မန်းလို ကစားသမားမျိုးဟာလည်း အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် သူတို့ကို ခေါ်ယူချင်တဲ့ အသင်း မရှိပဲ ကစားသမားတွေဟာလည်း လုပ်ခလစာ မြင့်မြင့်မားမား ရရှိနေတဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြပါဘူး။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ခက်ခဲနေပြီး ကိုးမန်းကတော့ သူဟာ မက်ဆီရဲ့ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်နေရတယ်လို့ ဝန်ခံသွားပါတယ်။

မက်ဆီရဲ့ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး ကိုးမန်းက – “ပြဿနာ တခုကို မဖြေရှင်းရသေးရင် စိုးရိမ်ပူပန်ရတာက ဓမ္မတာပါပဲ။ ဒါပေမယ့် ကျွန်တော်က အသင်းရဲ့ ဥက္ကဌဟာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ဟာ အသင်းအတွက်သာမက လာလီဂါပြိုင်ပွဲ အတွက်ပါ အရေးကြီးလို့ပါ။ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ဒီအသင်း ၊ ဒီလိဂ်မှာ ဆက်ထိန်းထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လဲ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်နေတာပါ။ မနေ့ကတော့ လာပေါ်တာက ကျွန်တော့်ကို စိတ်အေးအေးထားဖို့ ပြောခဲ့ပါတယ်။ သူက မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။