မန်စီးတီးအသင်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာက လီဗာပူးလ် နည်းပြ ကလော့ပ်ရဲ့ နည်းပြမှု ပုံစံကို သဘောကျတယ်လို့ ပြောသွားခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ကစားဟန်က ဘောလုံးကမ္ဘာအတွက် အကျိုးရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနှစ်က ရာသီမှာ လီဗာပူးလ်အသင်းကို ရမှတ် (၁) မှတ် ဖြတ်ရုံနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီး လက်ရှိရာသီမှာကတော့ လီဗာပူးလ်အသင်းက ရမှတ် (၂၀) မှတ်ကျော်ဖြတ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ထိုက်တန်စွာ ရရှိသွားခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ ယခုအပတ် ကြာသပတေးနေ့ည၊ သောကြာနေ့ နံနက် (၀၁း၄၅) အချိန်မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ပွဲစဉ် မစခင်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို လက်ခုပ်တီးပြီး ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိခဲ့ပြီး မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက နည်းပြ ကလော့ပ်ရဲ့ နည်းပြမှုပုံစံက ဘောလုံးကမ္ဘာအတွက် အကျိုး ရှိတယ်လို့ အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီး နည်းပြ ဂွါဒီယိုလာက “ကျွန်တော် ကလော့ပ်ကို သိပ် မသိဘူး။ ကျွန်တော်တို့ တစ်ကြိမ် ညစာ အတူ စားခဲ့ဖူးပါတယ်။ ကျွန်တော် သူ့ကို သဘောကျတယ်။ လီဗာပူးလ်အသင်း နဲ့ ဒေါ့မွန်အသင်းမှာ သူ့ရဲ့ နည်းပြမှုပုံစံကို သဘောကျတယ်။ သူ့ရဲ့ အသင်းက ဖန်တီးလိုက်တဲ့ ဘောလုံးကစားဟန်က ဘောလုံးကမ္ဘာအတွက် အကျိုးရှိပါတယ်။ သူ့ရဲ့ နည်းပြမှုပုံစံက ကြိုးစွားပြီး ဂိုးတွေ အမြဲ သွင်းဖို့ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်က ဒါနဲ့ ပက်သက်လာရင် သိပ် ကောင်းတဲ့ ဥပမာပါ။ သူက အနိုင်ရချင်တယ်။ ကျွန်တော်က အနိုင်ရချင်တယ်။ ဒါပေမယ့် ပြီးသွားပြီ ဆိုတော့လည်း ပြီးသွားပါပြီ။ သူက ကျွန်တော့်ရဲ့ မိတ်ဆွေပါ။ ကျွန်တော် ဘောလုံးနည်းပြကနေ အနားယူပြီးတဲ့ အချိန်မှာ ကျွန်တော် နည်းပြတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။