လီဗာပူး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန်ကလော့ပ် ကတော့ နောက်ထပ် အသင်းရဲ့ ကစားသမား တစ်ဦး ဒဏ်ရာပြဿနာ ရရှိတာကို ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ ကြုံခဲ့ရပြီးတော့ ဒီတစ်ကြိမ်မှာလည်း ဗဟိုခံစစ် ကစားသမား ဖြစ်သူ ဂျိုး မာတစ် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဂျိုး မာတစ် ဟာ အဆိုပါ ဝက်စဘရွန်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်း အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ် ၆၀ အရောက်မှာတော့ ဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့ရပါတယ်။ အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ကတော့ ဝက်စ်ဘရွန်းနဲ့ သရေ ပွဲစဥ်အပြီးမှာ မာတစ် ရဲ့ ဒဏ်ရာပြဿနာ နဲ့ ပတ်သက်ပြီး မီဒီယာ သမားတွေကို “ သိပ်မကောင်းဘူး ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Photo Credit: Liverpool Echo

ကင်မရွန်း လက်ရွေးစင် ကစားသမား မာတစ်ဟာ သူ့ရဲ့ ခြေထောက်မှာ နာကျင်တဲ့ ဒဏ်ရာပြဿနာ တစ်ခုကို ခံစားမိခဲ့တာကြောင့် လူစားလဲခဲ့ရတာ ဖြစ်တယ်လို့ ကနဦး သတင်းတွေအရလည်း သိရပါတယ်။ မာတစ် ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်မှာ ဒဏ်ရာ ပြဿနာပေါင်းများစွာ ကြုံခဲ့ရပေမယ့်လည်း အခုတစ်ကြိမ်ရရှိတဲ့ ဒဏ်ရာပြဿနာ ကတော့ ပွဲကျပ်ကာလမှာ ရုန်းကန်နေရတဲ့ နည်းပြ ကလော့ပ် အတွက်တော့ ထိုးနှက်ချက် အကြီးကြီး ဖြစ်စေမှာ အသေအချာပါပဲ။ လီဗာပူး နည်းပြ ကလော့ပ်ကတော့ ပွဲအပြီးမှာ အခုလိုပဲ မာတစ် ရဲ့ ဒဏ်ရာပြဿနာ နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။ “ ဂျိုးက သူ့ရဲ့ ခြေသလုံးကြွက်သားထဲမှာ တစ်ခုခု ခံစားခဲ့ရတယ် ထင်တယ်။ သိပ်တော့ အခြေအနေမကောင်းဘူးဗျ။ သူ့ရဲ့ ဒဏ်ရာပြဿနာ က ဘယ်လောက် ပြင်းထန်လဲ ဆိုတာတော့ ကျွန်တော် အခု အတိအကျ မပြောတတ်ပါဘူး။ မနက်ဖြန်မှပဲ တိတိကျကျ သိရပါလိမ့်မယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Liverpool Echo

လီဗာပူး အသင်း အနေနဲ့ ဒီရာသီမှာ ဒဏ်ရာပြဿနာပေါင်း များစွာ ကြုံတွေ့နေခဲ့ရပြီးတော့ အဆိုပါ ဒဏ်ရာပြဿနာ အများစုကလည်း ခံစစ်ပိုင်းမှာသာ ဖြစ်နေတာကြောင့် နည်းပြ ကလော့ပ် အတွက်တော့ ခံစစ်ပိုင်းက ထိုးနှက်ချက် တစ်ခုလိုတောင် ဖြစ်နေပါတယ်။ အဓိက ခံစစ်ကစားသမားဖြစ်သူ ဗာဂျယ် ဗန်ဒိုက် ကလည်း မာဆေးလ်ဆိုက် ဒါဘီမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူထားရသလို၊ ဂျိုး ဂိုးမက်ဇ် ကလည်း အင်္ဂလန် အသင်းနဲ့ ဒဏ်ရာ ရရှိထားတာကြောင့် ကာလကြာရှည် အနားယူထားရတာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေတွေကြောင့်ပဲ ကလော့ပ် အနေနဲ့ ဖာဘင်ဟို ကို ကွင်းလယ်ကနေ ခံစစ်ပိုင်းကို ဆင်းကစားထားခိုင်းစေပါတယ်။ အကယ်၍ မာတစ် ရဲ့ ဒဏ်ရာပြဿနာဟာ ကာလကြာရှည်နားရမယ့် ဒဏ်ရာမျိုး ဆိုရင်တော့ နည်းပြ ကလော့ပ် အနေနဲ့ လူငယ်ခံစစ်ကစားသမားလေးတွေ ဖြစ်ကြတဲ့ ရိုင်းစ် ဝီလီယံ နဲ့ နသန်နီးလ်ရယ် ဖီလစ်စ် တို့ကို အသုံးပြုလာနိုင်ပါတယ်။ အသင်းရဲ့ ကစားသမားဟောင်းကြီး ဖြစ်သူ ဂျေမီ ကာရေဂါ ကလည်း လီဗာပူး အသင်းအနေနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ရာမှာ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေကပဲ သူတို့ကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ သတိပေး ပြောဆိုထားပါတယ်။