ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ကောင်းဖို့ ရုန်းကန်နေရတာကြောင့် ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်း မဝင်မှာကို စိုးရိမ်မိကြောင်း လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ယနေ့မနက် အစောပိုင်းမှာပဲ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် အဆင့်၁၈နေရာမှာ ရှိနေတဲ့ လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ နောက်ကျအနိုင်ဂိုး ခွင့်ပြုပေးလိုက်ရတာကြောင့် အိမ်ကွင်း အန်ဖီးလ်မှာပဲ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Reuter

အဆိုပါ ရှုံးပွဲကြောင့်ပဲ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၂ပွဲ ကစားပြီးချိန်မှာ ၄ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး အဆင့်(၄) နေရာမှာ ရှိနေတဲ့ နယူးကာဆယ်ထက် တပွဲလျော့ ကစားထားရာ ရမှတ် ၈မှတ် အထိ ကွာဟနေခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက လီဗာပူးအနေနဲ့ နိုင်ပွဲတွေသာ ဆက်တိုက် ပြန်မယူနိုင်ရင် ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားနိုင်ကြောင်း ခန့်မှန်းထားကြပြီး ကလော့ပ်ကလည်း သူဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက်ပဲ အာရုံစိုက် ကြိုးပမ်းနေတာ မဟုတ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရမှာကိုတော့ စိုးရိမ်မိကြောင်း ဝန်ခံခဲ့ပါတယ်။

Photo Credit: Reuter

ကလော့ပ်က – “ကျွန်တော်က အခုချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မရမှာကို အဓိက စိုးရိမ်နေတာမျိုး မရှိပါဘူး။ ကျွန်တော့်မှာ တခြား စိတ်ပူစရာ ကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ချန်ပီယံလိဂ်ဝင်ခွင့် မရမှာကို စိတ်ပူမိတာတော့ အမှန်ပါ။ ကျွန်တော်တို့သာ လက်ရှိ ခြေစွမ်းကို တိုးတက်လာအောင် မလုပ်နိုင်ဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ခြေစွမ်းတွေ ပြန်ကောင်းလာအောင် မဖြစ်မနေ ကြိုးစားရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။