ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူဟာ အသင်းရဲ့ လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ ကလက်ခ် ၊ မားတို့စ်နဲ့ ယွန်းဒါတို့ကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသုံးပြုဖို့ စီစဉ်ထားကြောင်း ယူရိုပါလိဂ် အဖွင့်ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ်က လီဗာပူးကို ဆယ်စုနှစ် တစုနီးပါး ကြာအောင် ကိုင်တွယ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား အပါအဝင် ရနိုင်သမျှ ဆုဖလား အများစုကို ရယူပေးနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်ဖလားကိုတော့ မယူပေးနိုင်သေးပါဘူး။

Photo Credit: Liverpool Echo

ကလော့ပ်ကသာ ဒီရာသီမှာ ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့မယ် ဆိုရင် သူဟာ လီဗာပူးရဲ့ သမိုင်းတလျှောက် အသင်းအတွက် ရနိုင်သမျှ ဆုဖလား အားလုံးကို ရယူပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ဖို့ ရှိနေပြီး အဆိုပါအချက်ကြောင့်ပဲ ဒီရာသီမှာ လီဗာပူးက ယူရိုပါလိဂ်ပြိုင်ပွဲကို အားထည့်ကာ ယှဉ်ပြိုင် ကစားလိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ လီဗာပူးက LASK ၊ တူးလော့စ် ၊ ယူနီယံ စိန့်ဂယ်လိုစီ စတဲ့ အသင်းငယ်တွေနဲ့ တအုပ်စုထဲ ကျရောက်နေတာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အတော်လေး ရေပန်းစားနေပါတယ်။

Photo Credit: Sky Sports

လီဗာပူးနည်းပြချုပ် ကလော့ပ်ကတော့ သူတို့အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို အလေးထား ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ထားသလို အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ အစွမ်းပြခွင့် ပေးဖို့ စီစဉ်ထားကြောင်း ဆိုလာပါတယ်။

ကလော့ပ်က – “ဘော်ဘီ ကလက်ခ် တယောက် ခြေစွမ်းပြ ကစားနေတာကို ခင်ဗျားတို့တွေ မြင်ကြရပါလိမ့်မယ်။ ကျွန်တော်တို့ အသင်းမှာ အတော်လေး ကောင်းတဲ့ လူငယ် ကစားသမားတွေ ရှိပါတယ်။ သူတို့တွေရဲ့ တိုးတက်မှုကလည်း သဘောကျစရာ ကောင်းပါတယ်။ ကျွန်တော်က ဗစ်တာ မားတို့စ်နဲ့ ပပ် ယွန်းဒါးစ်တို့ကိုလည်း အလားအလာ ရှိတဲ့ လူငယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေက လူငယ်တွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိကြသလို ကျွန်တော်ကလည်း သူတို့ရဲ့ ခြေစွမ်းတွေကို အကဲခတ်ပြီးပါပြီ။ ဒါကြောင့် သူတို့တွေက တကယ် ကောင်းကြတယ် ဆိုတာကို အတပ် ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အသင်းကြီးမှာ သူတို့ကို နေရာပေးလို့ မရသေးပါဘူး။ အရမ်းကို စောလွန်းနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို အငှားလည်း မချချင်ပါဘူး။ သူတို့ကို အသင်းမှာပဲ လေ့လာ သင်ယူမှုတွေ လုပ်စေချင်ပါတယ်။ ဘောလုံးသမား တယောက်ရဲ့ ဘဝ အဆုံးသတ်သွားရင် သူက ဘယ်အချိန်မှာ အသင်းကြီး အတွက် စကစားကြလဲ ဆိုတာကို စိတ်မဝင်စားကြပါဘူး။ သူက ကောင်းခဲ့လား ၊ မကောင်းခဲ့ဘူးလား ဆိုတာကိုပဲ ပြောကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လူငယ်တွေ အကောင်းဆုံး တိုးတက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီး သူတို့ကို ကူညီရပါမယ်။ ဒီပြိုင်ပွဲကတော့ (ယူရိုပါလိဂ်) သူတို့အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။