လီဗာပူးလ်အသင်းရဲ့ခံစစ်မှာ အဓိကနောက်ခံကစားသမားတွေဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက် ဂျိုရယ်မာတစ်တို့အပြင် သူတို့ရဲ့နေရာကို အစားထိုးဝင်ရောက်ကစားနေတဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ဟိုကပါ ဒဏ်ရာရသွားခဲ့လို့ ခေါင်းခဲစရာ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အသင်းနည်းပြ ယာဂင်ကလော့အနေနဲ့ကတော့ အခုလိုအခြေအနေမှာ သူ့အသင်းကို Underdog ပုံစံလို့ ဝိုင်ယူဆနေကြမယ့်အပေါ် သဘောကျနှစ်သက်နေလိမ့်မယ်လို့ လီဗာပူးလ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း အဒမ်လယ်လာနာက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲအတွင်းမှာ အသင်းရဲ့အဓိကနောက်ခံလူဗန်ဒိုက် ဒူးဒဏ်ရာ ရရှိခဲ့သလို မာတစ်ကလည်း ဒဏ်ရာအခြေအနေကနေ မသက်သာသေးတဲ့အတွက် အနားယူနေရလို့ သူတို့ရဲ့နေရာမှာ ဖာဘင်ဟိုကို အစားထိုးကစားစေခဲ့ရာ ဖာဘင်ဟိုကလည်း ဗဟိုခံစစ်နေရာမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပေမယ့် မနေ့ညက မစ်ဂျေးလန်းအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာပါ ဖာဘင်ဟိုလည်း ဒဏ်ရာရသွားခဲ့တာကြောင့် အသင်းရဲ့ဗဟိုခံစစ်နေရာအတွက် စီနီယာကစားသမားဆိုလို့ ဂျိုးဂိုးမက်ဇ်တစ်ယောက်တည်းသာ ကျန်ရှိနေခဲ့ရတော့တာဖြစ်ပါတယ်။

Photo Credit : BBC

ဒီအခြေအနေက ရှေ့လာမယ့်ပွဲတွေမှာ လီဗာပူးလ်အသင်းကို အကျပ်ရိုက်နိုင်စေပေမယ့် ဒီအခြေအနေတွေကိုတော့ နည်းပြကလော့က သူ့အသင်းကို အားနည်းနေတဲ့အသင်းလို့ ထင်မြင်နေကြမှာကို သူသဘောကျနေလိမ့်မယ်လို့ လယ်လာနာက ပြောဆိုသွားခဲ့ပါတယ်။ လယ်လာနာက “ကလော့က ဘယ်အခြေအနေကိုမှ အကြောင်းပြချက်တစ်ခုအဖြစ်နဲ့ သုံးစွဲလာမှာမဟုတ်ပါဘူး။ ဒီအခြေအနေက အခြားသောအသင်းတွေနဲ့ အတူတူလို့ပဲ ပြောလာလိမ့်မယ်။ သူအနေနဲ့ အသင်းရဲ့ဟန်ချက်ညီအောင် လုပ်ဆောင်ဖို့အတွက် အသင်းမှာ ကစားသမားတွေ ရှိနေတယ်လို့ပဲ ပြောဆိုလာလိမ့်မယ်။ သူက စိန်ခေါ်မှုတွေနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာပါလိမ့်မယ်။ ဒဏ်ရာရနေတဲ့ ကစားသမားတချို့ကလည်း ပြန်လည်သက်သာလာနိုင်ပြီး ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွင်းမှာပါ ထည့်သွင်းလာနိုင်ကာ ဝက်စ်ဟမ်းကိုလည်း အနိုင်ကစားသွားနိုင်ပါတယ်။ Underdog အနေအထားကနေ အသင်းတစ်သင်းကို အနိုင်ယူရတာမျိုးကို သူကသဘောကျတာ။ ပြိုင်ဘက်အသင်းက သူတို့အားသာနေပြီလို့ ထင်နေတဲ့အချိန်ကျမှ အနိုင်ယူပြလိုက်ရတာကို သူကနှစ်သက်တာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်စနေနေ့ညမှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အိမ်ကွင်းအန်ဖီးလ်ကွင်းထဲမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။