MySport Myanmar

အယ်လစ္စတာရဲ့ အနီကတ်ကို အယူခံဝင်သွားမယ်လို့ ပြောလာတဲ့ ယာဂင် ကလော့ပ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲစဉ်မှာ အနီကတ် ထိခဲ့တဲ့ ကွင်းလယ်လူ အယ်လစ္စတာရဲ့ အနီကတ်ကို အယူခံဝင်သွားလို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် ဘုန်းမောက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရပြီး ကလော့ပ်က အဓိက ကစားသမား အစုံအလင်ကို ပွဲထုတ်ခဲ့ပေမယ့် ပွဲချိန် ၃မိနစ်မှာပဲ ဧည့်သည် ဘုန်းမောက်က ဆီမန်ယိုရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးရဲ့ ကစားပုံက အနည်းငယ် လျော့တိလျော့ရဲ ဖြစ်သွားပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ လီဗာပူးရဲ့ ကစားပုံက ပိုကောင်းလာခဲ့ကာ ပွဲချိန် ၂၈မိနစ်မှာ ဒီယက်ဇ်က လီဗာပူးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၃၆မိနစ်မှာလည်း ဆိုဘော့ဇလိုင်းကြောင့် ပင်နယ်တီ ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဆာလာက နှစ်ဆင့်ပိတ် ကန်သွင်းကာ လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာတော့ လီဗာပူးကွင်းလယ်လူ အယ်လစ္စတာက ဘုန်းမောက် ကွင်းလယ်လူ ခရစ္စတီအပေါ် ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက် အနီ ထိခဲ့ပြီး အယ်လစ္စတာရဲ့ အနီကတ်ကြောင့် လီဗာပူးက မိနစ် ၄၀လောက် ၁ယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရပေမယ့် ဂျိုတာက ပွဲချိန် ၆၂မိနစ်မှာ လီဗာပူးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူး ၃-၁ ဘုန်းမောက် ပွဲအပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်က အယ်လစ္စတာရဲ့ အနီကတ်ဟာ မဖြစ်သင့်တဲ့ အနီကတ် ဖြစ်ကြောင်းနဲ့ သူတို့အသင်းက အယ်လစ္စတာရဲ့ အနီကတ်ကို ပယ်ဖျက်ပေးဖို့ အယူခံဝင် တောင်းဆိုသွားမယ်လို့ ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က ဒီကိစ္စကို (အယ်လစ္စတာရဲ့ အနီကတ်) ပြန်ပြီး ဆွေးနွေးဖို့ လိုပါမယ်။ ကျွန်တော်က မက်ကာကိုလည်း (အယ်လစ္စတာ) မေးပြီးပါပြီ။ သူက ခရစ္စတီကို ကန်မိခဲ့တာ မှန်ပေမယ့် ပြင်းပြင်းထန်ထန် မကန်မိခဲ့ဘူးလို့ ပြောပါတယ်။ ပွဲပြီးတော့လည်း ကျွန်တော်က အဲ့ဒီအဖြစ်အပျက်ကို ပြန်ကြည့်ခဲ့ပါသေးတယ်။ တကယ်လို့ ကျွန်တော်တို့က အနီကတ် ထိရမယ့် အဖြစ်အပျက်တွေကို စာရင်းလုပ်ထားပြီး မက်ကာရဲ့ အဖြစ်အပျက်နဲ့ ပြန်စစ်ကြည့်မယ် ဆိုရင် မက်ကာက ခြေထောက်ကို ကန်မိခဲ့တာကလွဲရင် ကျန်တဲ့ လိုအပ်ချက်တွေနဲ့ ညိစွန်းနေတာမျိုး မရှိပါဘူး။ တကယ်လို့ ဒီဖြစ်ရပ်မှာ VARက အယ်လစ္စတာကို အဝါကတ်ပဲ ပြတာ (သို့) ကွင်းလယ်ဒိုင်က VARမကြည့်ပဲနဲ့ အနီကတ် တိုက်ရိုက် ပြခဲ့တာမျိုး ဆိုရင် ကျွန်တော်တို့က ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါဦးမယ်။ အခုက ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ ဖြစ်ရပ်အတွက် အနီကတ် ပြခံခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော်ကတော့ ဒါကို အမှားတခုလို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့က မက်ကာရဲ့ လုပ်ရပ်အတွက် မိနစ် ၄၀ကျော် ၁၀ယောက်ထဲနဲ့ ဘောလုံး ကစားပြီးပါပြီ။ ဒါကိုပဲ ပြစ်ဒဏ်တမျိုးလို့ ခံယူပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မက်ကာရဲ့ အနီကတ် အတွက် တာဝန်ရှိသူတွေဆီ စာတင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version